ရန်ကုန်တိုင်းဒေသကြီး သျှမ်းလူဦးရေစာရင်းစမ်းသပ်ကောက်ယူ

ရန်ကုန်တိုင်းဒေသကြီး သျှမ်းလူဦးရေစာရင်းစမ်းသပ်ကောက်ယူ
by -
သျှမ်းသံတော်ဆင့်

ရန်ကုန်မြို့အတွင်းနေ သျှမ်းများ၏ လူဦးရေစာရင်းကို တော်သလင်းလဆုတ် ၈ ရက် ဥပုပ်နေ့ မနက်ဖြန် စတင်ကောက်ယူ မည်ဖြစ်ကြောင်း ကောက်ယူမှုကော်မတီဝင်လူငယ်များကပြောပါသည်။

လက်ကမ်းစာစောင်

“နက်ဖြန်ဥပုပ်နေ့ ဘုန်းကြီးကျောင်းတွေမှာ သွားကောက်မှာ။ ဥပုပ်သီလ လာစောင့်ကြတဲ့ သျှမ်းဘုန်းကြီး ကျောင်း ၃ ခုမှာ အလှူလာလုပ်တဲ့လူတွေကို အရင်ကောက်မယ်။ ဒီတပတ် ဥပုပ်နေ့မှာ ကောက်မယ့် အကြောင်း အိမ်ထောင်စု စာရင်းတွေ ယူလာခဲ့ဖို့အကြောင်းလည်း ပြီး ခဲ့တဲ့ ဥပုပ်နေ့ကတည်းက သွားပြီး သတိပေးထားပြီးသားပါ” ဟု ကော်မတီဝင် စိုင်းလိုင်းက ပြောပါသည်။

၂၀၁၄ လူဦးရေစာရင်းမှတ်တမ်းတင်ရေးအမှီ သျှမ်းလူဦးရေ အမှန်အကန် ပါ၀င်ဖို့ ရည်ရွယ်ကာ ရန်ကုန်မြို့ ၉ မိုင်ရှိ အောင် မြေဘုံသာ သျှမ်းကျောင်း၊ ၈ မိုင် သမိုင်းလမ်းရှိ ခေမာရဌ် ကျိုင်းတုံကျောင်းတိုက်နှင့် ရွှေဂုံတိုင်ရှိ လိပ်ပြာကန်ကျောင်း တိုက်ခေါ် မောရွှေလီ ကျောင်းတိုက်တို့တွင် စတင်ကောက် ယူသွားမည်ဖြစ်ကြောင်း ဆိုပါသည်။

002-ll

“ အိမ်တိုင်ရာရောက် လိုက်ကောက်တာမဟုတ်သေးဘူး။ စမ်းသပ်ကောက်ယူမှုဘဲဖြစ်တယ်။ ဒီကနေ ကောက် လိုက်ရင် ဘာတွေ ထပ်လိုအပ်မလဲ ဆိုတာသိလာမယ်လေ။ အခုကောက်မယ့်ပုံစံကတော့ အဆင့် ၃ ဆင့်ရှိတယ်။ ၁- သျှမ်းလူမျိုး ၊  ၂- သျှမ်း- ဗမာ  လူမျိုး၊ ၃-သျှမ်း -တရုတ် လူမျိုးဆိုပြီး အကွက်ကလေး လုပ်ပြီးခြစ်ခိုင်းတယ်။ စာရင်းကောက်ယူရာမှာ ဘယ်လိုပြောရမလဲ ဘာတွေရေးမှတ်ရမလဲဆိုတဲ့ အကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လူငယ်တွေကို သင်တန်းပေးပါတယ် ။ ကျနော်တို့ သျှမ်းလူဦးရေစာရင်း အမှန် ကောက် ယူရေးကော်မတီ အတွင်းရေးမှူးက ဒေါ်နန်းဝိုးဆိုင်ဖြစ်ပါတယ်။ သူကိုယ်တိုင်သင်တန်း ပို့ချတာပါ။  စေတနာ့ဝန်ထမ်း လူငယ် ၂၀ လောက်ရှိပါတယ်” ဟု  စိုင်းလိုင်းက ပြောပါသည်။

ရန်ကုန်တိုင်းဒေသကြီး သျှမ်းလူဦးရေစာရင်းအမှန်ကောက်ယူရေးကော်မတီအား ပြီးခဲ့သည့် ဩဂတ်စ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ ကိုးမိုင် သျှမ်းကျောင်းတွင် ဖွဲ့ စည်းလိုက်ပြီး ကော်မတီ ဥက္ကဌမှာ စိုင်းကျောက်တစ်၊ ဒုဥက္ကဌမှာ စိုင်းမုခ်၊ စိုင်းယီ နှင့် အတွင်းရေးမှူး နန်းဝိုးဆိုင် နှင့်နန်းစောအုံ တို့ပါဝင်သော ကော်မတီဝင် ၁၁ ဦးပါရှိပါသည်။

 Sai Kyaw Lin Han)

သျှမ်းအင်အား( လူဦးရေ၊ ပညာ၊ ဓန) သည် ပြည့်အင်အား ဖြစ်ရမည် ဟူသည့်ဆောင်ပုဒ်ကိုင်ဆောင် သျှမ်းလူမှုအသိုင်း အဝိုင်းတွင်းနာမည်အကြီးအဆိုတော် နန်းဆာရာ နှင့် မော်ဒယ်လ်/ သရုပ်ဆောင် နန်းယင်းနောင့်တို့ပါဝင်ကာ စက်တင်ဘာ  ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သျှမ်းလူဦးရေစာရင်း စတင်ကောက်ယူနေခြင်းဖြစ်ပါသည်။

ကမ္ဘာ့လူဦးရေတိုးပွါးမှုမှတ်တမ်းတင်ရန် မြန်မာနိုင်ငံလူဦးရေစစ်တမ်း သန်းခေါင်စာရင်းကောက်ယူမှုကို လာမည့် ၂၀၁၄ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ တပြည်လုံးအနှံ့ကောက်ယူမည်ဖြစ် ကြောင်းအစိုးရက ကြေငြာထားပါသည်။