အစိုးရတပ် နှင့် SSPP တိုက်ပွဲကြောင့် ကျေးလက်ဒေသခံ တဦးသေဆုံး

အစိုးရတပ် နှင့် SSPP တိုက်ပွဲကြောင့် ကျေးလက်ဒေသခံ တဦးသေဆုံး
by -
သျှမ်းသံတော်ဆင့်

ယခုတပတ်အတွင်း သျှမ်းပြည်မြောက်ပိုင်းတွင် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ် ပွား ပြီး နောက်ပိုင်းဒေသခံလူထုလည်း စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရရာ ယမန်နေ့က သေနတ်ဒဏ်ရာဖြင့် ရွာသားအလောင်းတလောင်းအားတွေ့ရှိကြောင်း ဒေသခံများ က ပြောပါသည်။

“သေဆုံးသူ ရဲ့ ကိုယ်မှာ ကျည်ဆံ ထိမှန်တဲ့ ဒဏ်ရာတွေ အများကြီးဘဲ။ စစ်ဆေးကြည့်လိုက်တော့ ဝမ့်ဆာလုံ ကျေးရွာ အုပ်စု ဝမ့်အိုင် ရွာသား လုံးစိုင်းလိတ် ဆိုသူ ဖြစ်နေတယ်။ သူတို့ရွာက တိုက်ပွဲ ဖြစ်ပွားတဲ့နေရာ နဲ့ သိပ်မဝေးဘူး” - ဟု ဒေသခံ စိုင်းလုံသောင်း က ပြောပါသည်။

စက်တင်ဘာ ၂၄ ရက်က တိုက်ပွဲကြောင့် လယ်တဲဘက်တိမ်းရှောင်ရောက်ရှိနေသည့်  စိုင်းလိ နှင့် ဦးစိုင်းလိတ် တို့နှစ်ဦး အား တပ်မတော်စစ်ကြောင်းက သေနတ်ပစ်ဖေါက်ခြိမ်းခြောက်သဖြင့် စိုင်းလိဆိုသူမှာမူ ချောင်းအတွင်း ခုန်ချကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ဦးစိုင်းလိတ်မှာမူ အဖမ်းခံရပြီး မြန်မာစစ်ကြောင်း နှင့်အတူ ခေါ်ဆောင်သွားခြင်း ခံရကြောင်း၊ နှစ်ဦးစလုံးမှာ လက်နက်ကိုင်တပ်ဖွဲ့များ နှင့် ပတ်သက်ခြင်းမရှိ သာမန်အရပ်သားများ ဖြစ်ကြသည်ဟု လည်း ကျားဖြူပါတီဝင်တဦးက ဤကဲ့သို့ ပြောပါသည်။

“သူတို့နှစ်ဦးကို မနေ့က ၁၁ နာရီ နဲ့ ၁၂ နာရီကြားမှာ သေနတ်ပစ်ဖေါက်ပြီးဖမ်းတယ်။ ဘယ်တပ်ကလဲမ သိဘူး။ ဒီနေ့ ဝမ့်ဆာလုံ နဲ့ ဝမ့်အိုင်ကြားမှာ လုံးလိတ် အလောင်းသွားတွေ့တယ်။ ကျနော်တို့ ဒီအတိုင်း မထားပါဘူး။ ကျန်ရှိမိသားစု ကျေနပ်တဲ့အထိ ကူညီလုပ်ဆောင်ပေးသွားမှာပါ” - ဟု ဆို၏။

စက်တင်ဘာလ ၂၃ ရက် တိုက်ပွဲတွင် SSPP/SSA တပ်ဖွဲ့  ရွာမှ ဆုတ်ခွါသွားပြီးသည့်နောက် အစိုးရတပ်က ဝမ့်အိုင်ရွာ မှ ဆန်သုံးအိတ်ကျော်၊  ကြက် ၊ ဝက်၊ ဆီ၊ နှင့် အခြားပစ္စည်းများ ယူဆောင်သွားကြောင်း ရွာသားများ က ပြောပါသည်။

သေဆုံးသူ ဝမ့်အိုင်ရွာသား ဦးစိုင်းလိတ် အသက် ၅၅ နှစ်သည် ဇနီးနှင့် သားသမီး လေးဦး ကျန်ရှိ၏။ အကြီး ဆုံးသားမှာ ကိုယ်ရင်ဘဝ ဖြင့် အသက် ၁၅ နှစ် ၊ အငယ်ဆုံးသမီးမှာ အသက် ၆ နှစ်သာရှိသေးကြောင်း နီးစပ်သည့် ရွာသားများက ပြောပါသည်။

တိုက်ပွဲဖြစ်နေသော မြန်မာအစိုးရတပ်များမှာ  ခလရ ၆၈၊  ခမရ ၃၂၄၊ ၅၀၃၊  ၅၀၄ တို့အပြင် နေပြည်တော် မှလာ သော ခမရ ရ၀၁  ဖြစ်ကြောင်း ၊ ထူးခြားချက်အနေဖြင့် တပ်အများစုမှာ လည်စည်းများ တံဆိပ်များ ဖြုတ်ထားကြောင်း ရွာသားများကပြောပါသည်။

မြောက်ပိုင်း သျှမ်းပြည်တပ်မတော် အမည်ရ SSPP/SSA နှင့် အစိုးရ တို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည် ဆောက်ထားသောကြောင့် တိုက်ပွဲများထပ်မံဆင်နွဲခြင်းမပြုလုပ်ကြရန် ကျားဖြူပါတီနှင့် လူထုတို့ကတောင်းဆိုထားကြ ကြောင်းသိရပါသည်

Most read this week