SSPP/SSA နှင့် အစိုးရတပ် တိုက်ပွဲအပြင်းအထန်ဖြစ် သျှမ်းသံတော်ဆင့်

SSPP/SSA နှင့် အစိုးရတပ် တိုက်ပွဲအပြင်းအထန်ဖြစ် သျှမ်းသံတော်ဆင့်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အစိုးရတပ်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ် မတော် SSPP/SSA တို့ ယနေ့နံနက်ပိုင်းက တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည်ဟု ဒေသ အတွင်း သတင်းရပ်ကွက်က ပြောသည်။

“တိုက်ပွဲက ဒီမနက် ၅ နာရီက နေ အခုထိ (ဆက်သွယ်မေးမြန်းချိန် နံနက် ဆယ်နာရီခန့်) သေနတ်သံ လက်နက် ကြီးသံ ကြားနေတုန်းဘဲ။ ကျနော်တို့ သတင်းရတာက မနေ့က နှစ်ဘက်တပ် ဆက်သွယ် တယ်။ တဖက်ကမ်းမှာ သူတို့ရှိနေတဲ့ အကြောင်း၊ ကမ်းမကူးလာဖို့အကြောင်း  မြန်မာစစ်တပ်ကို သျှမ်းတပ်ဘက်က အကြောင်းကြားတယ်ပြော တယ်။ သူတို့က ချောင်းကူးသွားတော့ သေနတ်သံ ကြားရတော့တာဘဲ” - ဟု
မိုင်းယင် ဒေသ အတွင်း ရွာအုပ်ချုပ်ရေးမှူးတဦး က ပြောသည်။

စက်တင်ဘာ ၂၃ ရက် ၂၀၁၃ ခု နံနက်ပိုင်း၌ မိုင်းယင် ဘုန်းကြီးကျောင်းမှ အစိုးရတပ် ခလရ ၆၈ (လားရှိုး) ၊ ခမယ ၅၀၃ သီပေါ၊ ခမယ ၅၀၄ သီပေါ တို့ စုပေါင်းအင်အား ၂၀၀ ခန့်က ဒုဌဝတီမြစ်ကူးကာ မြောက်ပိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ရှိရာ ကုန်းမုန့်ရွာသို့ ဦးတည်သွားကြောင်း၊ မိုင်းယင်ဘုန်းကြီး ကျောင်း ကို နောက်တန်းအဖြစ်ထားက သေနတ်ကြီးများ လှမ်းပစ်ကြောင့် ကျောင်းထိုင် ဆရာတော်အပါအဝင် ကိုယ်တော်လေးများ အားလုံးထွက်ပြေး တိမ်းရှောင်နေရကြောင်း ပြောသည်။

“မိုင်းယင် နဲ့ ကုန်းမုန့်က တမိုင်လောက်ပဲဝေးဒါလေ။ တိုက်ပွဲဖြစ်တာက ကုန်းမုန့် နဲ့ မိုင်းယင်ကြား၊ တိုက်ပွဲမှာ တဖွဲ့ တက်တိုက်တယ်။ မိုင်းယင်ဘုန်းကြီးကျောင်းကနေ လက်နက်ကြီးနဲ့ ကူပစ်ပေးတယ်။ အစ ပိုင်းက ဘုန်းကြီးကျောင်းကနေ ပဲ လှမ်းပစ်တာ။ နေသာလာတော့ ဘုန်းကြီးကျောင်းပေါ် ပြတင်းပေါက် ကနေ သွားနေပြီးပစ်တယ်။ ဘုန်းကြီးတွေ ကိုယ်ရင်တွေလဲ မရှိတော့ဘူး။ ထွက်ပြေးကုန်ပြီ” - ဟု နမ္မတူမြို့ ဦးပဥ္စင်းတပါးက မိန့်ကြားပါသည်။

 မိုင်းယင်ကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော် အပါဝင် ကိုယ်ရင်လေးများ စုပေါင်း ၂၀ ခန့် ရှိသည်ဟု ဆိုသည်။ ယနေ့ မွန်းတည့်ချိန် SSPP ဘက်တပ်များ ဆုတ်လိုက်သော်လည်း အစိုးရတပ်က ကုန်းမုန့် ရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်မှု မရပ်သေးကြောင်း၊ ကုန်းမုန့် ဘုန်းကြီးကျောင်းအောက်ထပ်၌ ရွာသားများ စစ်ဘေး ခိုလှုံနေကြောင်း ကြားသိရပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း အစိုးရတပ်သည် စက်တင်္ဘာလဆန်းပိုင်း မှစ၍ သျှမ်းပြည် တပ်မတော် SSPP/SSA နောက်ယောင်ခံလိုက်နေသောကြောင့် ယခုကဲ့သို့ တိုက်ပွဲများ ဆက်တိုက်ဖြစ် ပွား ရခြင်းဖြစ်သည်။ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း အဆိုပါဒေသ အတွင်း ကောင်းကေး ရွာ နှင့် ကုလားကုန်း (ကောင်းခါး) ရွာဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသေးသည်။

Most read this week