တာချီလိတ်မြို့ ကလေးများပျောက်ဆုံးမှု လူထုအစိုးရိမ်

တာချီလိတ်မြို့ ကလေးများပျောက်ဆုံးမှု လူထုအစိုးရိမ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း ကလေးငယ်တဦးပျောက်ဆုံး ရာ  တာချီလိတ်မြို့နေ ဒေသခံ ကလေးငယ်များဆက်တိုက်ပျောက်ဆုံးနေသည် ဆိုသည့်သတင်းများကြောင့် တာချီလိတ်လူထု အထူးစိုးရိမ် နေသည်ဟု ကြားသိရပါသည်။

children loose at TCL

“တခြားရပ်ကွက်က ကလေးငယ်တွေ ပျောက်ဆုံးတာ တိုင်ကြားမှု မရှိပါဘူး။ ကျနော်တို့ ရပ်ကွက်က တော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက တယောက်ပျောက်တယ်။  အဲဒါ ရဲစခန်း၊ လူကုန်ကူး၊ နယ်စပ်လုံခြုံရေး စတဲ့ဌာန ဆိုင်ရာတွေဆီမှာ အကုန် တိုင်ကြားထားပြီးပြီ” - ဟု မယ် ခေါင်ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုင်းအွတ် က ပြောသည်။

စက်တင်ဘာ  ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၈ ၃၀ နာရီ ခန့်တွင် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ မယ်ခေါင် ရပ်ကွက် အမှတ် ၄/၄၀ နေ နန်းဆေး၏သား စိုင်းလုံဝမ်း အသက် ၂ နှစ် ၄ လ အရွယ် ကလေး ငယ် တဦး ပျောက်ဆုံးသွားသည်ဟု ဖခင်ဖြစ်သူ စိုင်းစံညွှန့်လှိုင်က ပြောသည်။

“ကျနော်တို့က အလူမီနီယံအလုပ်လုပ်တာလေ၊ မိသားစု လုပ်ငန်းက။ အိမ်နောက်ဖေးမှာ ကျနော်တို့ အလုပ်လုပ် နေတယ်။ သူ့အမေက ကလေးကို တီဗွီ ခနကြည့်ထားပါ။ နို့ဘူး သွားဝယ်ပေးမယ်ဆို ပြီး ၅ မိနစ်မရှိ ဘူးထွက်သွားတာ။ ပြန်လာတော့ မရှိတော့ဘူး။ အခုထက်ထိ လိုက်ရှာတယ်။  မတွေ့သေးဘူး။ ရူးမတတ်ဘဲဗျာ” - ဟု ကလေးအဖေ စိုင်းစံညွှန့်လှိုင် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ကလေးပျောက်ဆုံးပြီးနောက်တာချီလိတ်မြို့ ကလေးသူငယ် ၁၅ ဦးထက်မနည်းပျောက် ဆုံးသွား ကြောင်း၊ မယ် ခေါင်ချောင်းအတိုင်းမျောလာသည့်ကလေးငယ်တဦး၏အလောင်းတွင် မျက်လုံးနှင့်နှလုံး ကျောက်ကပ်များ မရှိတော့ကြောင်း စသဖြင့်ကောဠာဟာလသတင်းများ ထွက်ပေါ်နေသောကြောင်း၊ ကျောင်းကားဖြင့် ကျောင်းပို့ဖို့ပင် အထူးစိုးရိမ်နေရကြောင်း တာလော့ရပ်ကွက်နေ သားသည်မိခင် နန်းမို ကပြောပါသည်။

“ကျနော် အုပ်ချုပ်ရေးမှူး လုပ်လာတဲ့ သက်တမ်းမှာ လူကုန်ကူးမှုနဲ့ အိုက်ကုလား ဆိုသူ အဖမ်းခံရတာ တခါပဲ ကြားရပါတယ်။ လူပျောက်မှုလဲ မကြုံခဲ့ဖူးဘူး။ အခုက ပထမ ဆုံးဘဲ။ ဒီကလေးပျောက်ဆုံး တာ အကြောင်း ရင်း နှစ်ရပ်ဖြစ်နိုင်တယ်။ ပထမ တချက် သူတို့အိမ်က မယ်ခေါင်ချောင်းနဲ့ သိပ်မဝေးဘူး၊ ရေစီးသန်တယ်။ ချောင်းအကျယ်က လက်နှစ်ကမ်းစာပါဘဲ။  အဲဒီ ကနေ ချောင်းထဲကျသွားတာလဲဖြစ်နိုင်တယ်။ နောက်တချက် လူကုန်ကူးအဖွဲ့ တွေ ကားနဲ့ ကားပေါ် ဖမ်းခေါ်သွားတာ အဲဒီ နှစ်လမ်း ရှိတယ်” - ဟု မယ်ခေါင် အုပ်ချုပ်ရေးမှူး စိုင်းနွတ် က ပြောသည်။

တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်သည့်အားလျော်စွာ တာချီလိတ်မြို့ပေါ် ဒေသခံ ကလေးငယ်များ၊ အမျိုးသမီးများ အပြင် အခြားရပ်ဒေသလည်း တာချီလိတ် - မယ်ဆိုင်ဘက်သို့ လူကုန်ကူးခံရတတ်မှု ဖြစ်တတ် လေ့ရှိသည်ဟု အခြားရပ်ကွက် အုပ်ချုပ်ရေးမှူးများက လည်းပြောပါသည်။