မြန်မာစစ်တပ်နှင့်တိုင်းရင်းသားတပ် တိုက်ပွဲများဆက်တိုက်ဖြစ် SSPP/SSA သုံးဦး ဒဏ်ရာအပြင်းအထန်ရ

မြန်မာစစ်တပ်နှင့်တိုင်းရင်းသားတပ် တိုက်ပွဲများဆက်တိုက်ဖြစ် SSPP/SSA သုံးဦး ဒဏ်ရာအပြင်းအထန်ရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်းတွင်  တိုင်းရင်းသားတပ်ဖွဲ့များနောက် မြန်မာစစ်တပ်က လိုက်လံသဖြင့် တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေခဲ့ကြောင်း  ဒေသခံများကပြောပါသည်။

“စက်တင်ဘာ ၁၇ ရက် မနေ့က မွန်းလွဲပိုင်း ၂ နာရီ ကျော်ကျော် နမ္မတူမြို့ မိုင်းယင်အုပ်စုကောင်းကေးရွာဘက်မှာ မြန်မာအစိုးရစစ်တပ် ခမရ ၅၀၄ နဲ့ သျှမ်းပြည် တိုးတက်ရေးပါတီ မြို့နယ် အမှတ် ၁၇  လုံခြုံရေးတပ်တို့ တိုက်ပွဲဖြစ် တယ်။ ကျနော်တို့ဘက်က ၃ ယောက် ဒဏ်ရာရတယ်။ မြန်မာဘက်ကတော့ မသိရဘူး ” ဟု အရာရှိငယ် စိုင်းနောင့်က ပြောသည်။

အင်အား ၅၀ ကျော်ရှိ SSPP/SSA က အဆိုပါ မြန်မာစစ်တပ်အား ကြိုတင်အကြောင်းကြားပြီးမှ လာရောက်လှုပ်ရှား ခြင်း ဖြစ်ကြောင်း သို့သော် မြန်မာစစ်ကြောင်းသည် ၎င်းတို့နောက် တကောက်ကောက်လိုက်ရာ ကောင်းကေးရွာတွင် နားနေစဉ် ချောင်းမြောင်း ပစ်ခတ်ခြင်းဖြစ်ကြောင်း အဆိုပါအရာရှိ ကပြောသည်။

ထိုနေ့တွင်ပင် သျှမ်းပြည်တပ်မတော်၏ တပ်ရင်း ၄၂၃ အား မြန်မာစစ်တပ် ၅၀၄ ကပင်  မိုင်းယင်အုပ်စု အနောက် ဘက်ရှိ မိုင်းယင်နှင့် ပန်ဟိုင်းရွာကြားတွင် လည်းကောင်း ကောင်းကုလားခေါ် ကောင်းခါးရွာဘက်တွင်လည်းကောင်း တပြိုင်နက် တိုက်ပွဲဖြစ်ပွါးခဲ့သည်။

၎င်းနှင့်ပတ်သက်၍ SSPP/SSA  တပ်မဟာ ၁ တပ်မဟာမှူး ဒု-ဗိုလ်မှူးကြီးဆိုင်ဖက “ ကျနော်တို့ ကိုယ့် ကိုယ်ကို ငြိမ်းချမ်း ရေးအဖွဲ့တွေလို့ ထင်ပြီး စည်းကမ်းချက်တွေ လိုက်နာနေလို့ အပိုဘဲ။ အစိုးရစစ်တပ်တွေ ဘယ်လိုဖြစ်ချင် သလဲဆိုတာ ကျနော်တို့သိပြီ။ သူတို့ဘယ်လိုနည်းမျိုးကြိုက်လဲဆိုတာ ကျနော်တို့သိပါပြီ။သူတို့ဆန္ဒအတိုင်းဖြစ်စေ ရပါမယ်” ဟု သျှမ်း သံတော်ဆင့်အားပြောဆိုပါသည်။

ယခုလပထမပတ်နှင့် ဒုတိယပတ်ကလည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ ကွတ်ခိုင် နမ့်ခမ်း မန်တုံ မြို့နယ်မှ အစိုး ရတပ်မတော်နှင့် တိုင်းရင်းသားတပ်ပေါင်းစု (သျှမ်း၊ ကချင်၊ တအာင်း) တို့  ၂ ကြိမ်တိုက်ပွဲဖြစ်ပွါးရာ မြန်မာ အစိုးရ တပ်မတော်ဘက်မှ အကျ များ ကြောင်း ကွတ်ခိုင်မြို့ အခြေစိုက် ပြည်သူ့စစ်အရာရှိငယ် မာတူး က ပြောပါသည်။

“ ကွတ်ခိုင်မြို့နယ် ကျေးရွာအုပ်စု ၀မ့်နှုတ်ခုံ့ရွာ ဆလန်းတောင်ကျော ဘက်မှာဖြစ်တဲ့တိုက်ပွဲပေါ့ ။ အစိုးရဘက်က ၁၀ ယောက်ကျော်ကျတယ်။ တပ်ပေါင်းစုဘက်က ၂ ယောက် သေတယ်။ သူတို့ရဲ့ လက်နက်တွေကိုလဲ အစိုးရဘက်က ဖမ်းမိ တယ် ” ဟု မာတူးကပြောသည်။

အဆိုပါ ကွတ်ခိုင်တိုက်ပွဲမတိုင်ခင်က ပြည်သူ့စစ်တပ်ဖွဲ့အား တပ်ပေါင်းစုက တိုက်ခိုက်ရာ မကျေနပ်သဖြင့် ပြည်သူ့ စစ်နှင့် အစိုးရပူးပေါင်းပြီး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သျှမ်းတပ်ဘက်မှ တပ်မှူး စိုင်းဝမ်းက ပြောပါသည်။

“ဘာဖြစ်လို့ဒီတိုက်ပွဲဖြစ်လာသလဲဆိုတော့ ပြီးခဲ့တဲ့ အပတ်က နမ့်ခမ်း ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ကို ဒီတပ်ပေါင်းစု တပ်ဖွဲ့ ကတက်တိုက်တယ်။ ပန်းဆေးက မကျေနပ်ဘဲ မူစယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်အခြေစိုက် အစိုးရတပ် တပ်ရင်း ၄ ရင်း နဲ့အတူ စစ်ကြောင်း ၅ ကြောင်း ဖြန့်ပြီး ပိုက်စိပ်တိုက်လိုက်လံရှာဖွေတာကို တပ်ပေါင်းစုတပ်ဖွဲ့ကနေရာကောင်း ယူပြီး ပြန်လည် ခုခံတိုက်ခိုက်လို့ အစိုးရဘက် အကျအဆုံးများရတာဖြစ်တယ်” ဟု စိုင်းဝမ်းကပြောသည်။

တိုက်ပွဲကြောင့် ဒေသအတွင်းနေ  ကချင်၊ သျှမ်း၊ ပလောင်၊ တရုတ် ဒေသခံများ မြို့ပေါ်သို့ လည်းကောင်း၊  တရုတ်နယ်စပ် ဘက်သို့လည်းကောင်း တိမ်းရှောင် ခဲ့ကြရကြောင်း  ကွက်ခိုင်ဒေသခံ ဒေါ်အေးဆာ က ပြောပါသည်။

မြောက်ပိုင်း သျှမ်း ပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ပြည်ထောင်စုအဆင့် အပစ်ရပ် ငြိမ်းချမ်းရေး ဆွေး နွေး ထားသည့်အဖွဲ့ဖြစ်ပါသည်။  သို့သော် ၎င်း၏ မဟာမိတ်တပ်များဖြစ်သော ကချင်လွတ်လပ်ရေးတပ်မ တော် KIA နှင့် (ပလောင်)  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့က အပစ်ရပ်ဖို့ သဘောတူညီမှုမရှိ သေး ဘဲ အစိုးရနှင့် တွေ့ဆုံဆွေးနွေးထားဆဲဖြစ်ပါသည်။