ယခုလ ၂၁ ရက်မှ ၂၃ ရက်အထိ ၃ ရက်ကြာ သျှမ်းပြည်မြို့တော် တောင်ကြီး၌ ကျင်းပရန် စီစဉ်ထား သည့် သျှမ်း- ကယား- မွန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ UPWC အပြင် ပါတီစုံ အဖွဲ့အစည်းစုံအား ဖိတ်ကြားထားကြောင်း ကမကထပြုကျင်းပ မည့် သျှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါသည်။
“ကျနော်တို့ တောင်ကြီးမှာ အစည်းအဝေးကျင်းပခွင့်ကို ပြီးခဲ့တဲ့ ၂ ပတ်ကျော်ကတည်းက တင်ထား တယ်။ ခုထိ မကျလာသေးဘူး။ နက်ဖြန်ဆို ၃ ပတ် ပြည့်ပါပြီ။ ပြည်ထောင်စု အစိုးရက ရက် ၂၀ ကြို တင် အကြောင်းကြား စာတင်ထားရမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် သျှမ်းပြည်နယ်အစိုးရက တဆင့် ပြည်ထောင်စုအစိုးရကို ထပ်ပြီးစာတင်ရတယ်လို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ သျှမ်းတခု တည်းမဟုတ်တော့ဘူးလေ။ မွန်ရယ် ကယားရယ် ပါလာတော့ အဲလိုကြာသွားတာပါ” ဟု SNLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောပါသည်။
နိုင်ငံရေးနှင့်ပတ်သက်၍ ဆွေးနွေးမှု၊ တွေ့ဆုံမှုပြုလုပ်မည်ဆိုပါက အစိုးရထံ ရက် ၂၀ ကြိုတင် အကြောင်းကြားရန် အစိုးရက ထုတ်ပြန်ထားပါသည်။
SNLD က ဦးဆောင်၍ “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း”ဆွေးနွေးပွဲကို လွန်ခဲ့သည့် နှစ် နိုဝင်ဘာလက ရန်ကုန်မြို့တွင် တကြိမ်၊ ယခုနှစ် မတ်ခ်ျလက လားရှိုးမြို့တွင် တကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။ ယခုတကြိမ်မှာ တတိယအကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။
ယခုအကြိမ် ဆွေးနွေးမှုတွင် ခေါင်းစဉ် ၄ ခုဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ ၁- ဒီမိုကရေစီ ၂- ငြိမ်းချမ်းရေး ၃- ဖက်ဒရယ်ပြည်ထောင်စုနှင့် ၄- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ဖြစ် ကြောင်း၊ စိုင်းလိတ်က ပြောပါသည်။
“တဖွဲ့ကို ၁၀ မိနစ်ကနေ ၁၅ မိနစ် အထိ တင်ပြခွင့်ပေးမယ်။ ဆင်ဆာမရှိဘူး။ ဒါပေမယ့် ဟောပြော မယ့်အကြောင်းကို ၁ ရက်ကြိုတင် ပေးပို့ရမယ်” ဟု ဆိုပါသည်။
ဆွေးနွေးပွဲသို့ အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ UPWC ၊ ပြည်နယ် ၃ ခု မှ ပြည်နယ်ဝန်ကြီးချုပ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု NDF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသားတပ်မတော် ABSDF နှင့် လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ DPNS ပါတီတို့အပြင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့်တိုင်းရင်း သား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ WGEC တို့ကိုပါ ဖိတ်ကြားမည်ဟု ဆိုပါသည်။