သျှမ်း၊မြောက် သီပေါတွင် အစိုးရတပ်မတော်နှင့် သျှမ်း ၂ ဖွဲ့ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်

သျှမ်း၊မြောက် သီပေါတွင် အစိုးရတပ်မတော်နှင့် သျှမ်း ၂ ဖွဲ့ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် ၂ ခု ပူးပေါင်းတပ် နှင့်အစိုးရတပ်မတော် တို့ တိုက်ပွဲဖြစ် ပွါးရာ အစိုးရဘက်မှ ၅ ဦး ကျဆုံးကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

“ မနေ့ကတည်းကဖြစ်တာ တိုက်ပွဲက။ မနေ့က ညနေပိုင်း တကြိမ်ဖြစ်တယ်။  သျှမ်းတပ်က ကိုယ်ယောင် ဖျောက်လိုက်တယ်။ ဗမာတပ်က လိုက်ရှာတယ်။ ဒီမနက် ၁၀ နာရီမှာ ပက်ပင်းပြန်တိုးတယ်။ တိုက်ပွဲ  ၁ နာရီကြာပြန်ဖြစ်တယ်။ တပ်မတော် ဘက်က ၅ ယောက်ကျတယ်။ အနည်းအကျဉ်း ဒဏ်ရာရ တယ်။ ဆေးရုံတော့မရောက်ကြဘူး” ကျောက်မဲမြို့နေ ပြည်သူ့စစ်တပ်ဖွဲ့ ဝင် တဦးကပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီမှ တပ်သားများ (ဓါတ်ပုံ- SSPP/SSA)

ယမန်နေ့က အစိုးရတပ်မတော် ခမရ ၅၀၁ က သျှမ်းပြည်တပ်မတော်  ၂ ခု ပူးပေါင်းလှုပ်ရှားတပ်ဖွဲ့နှင့် ပက်ပင်းတိုးမိ၍ တိုက်ပွဲဖြစ်ပွါးခြင်းဖြစ်ကြောင်း၊ ယနေ့မနက် ၁၀ နာရီမှ ၁၁ နာရီအထိလည်း ၅၀၁ နှင့်အတူ ၅၀၅ က ပူးပေါင်းကာ တောနင်းတိုက်ခိုက်သဖြင့် သျှမ်းပြည်တပ်မတော်နှင့်ထပ်မံဖြစ်ပွါးခြင်းဖြစ်ကြောင်း ၎င်းကပြောပါသည်။

သီပေါမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ဝမ့်ပေါ်ရွာနှင့် ဝမ့်ခေကွိုင်းရွာကြားတွင် တိုက်ပွဲဖြစ် ပွါးခြင်းဖြစ် သည်ဟု ဒေသတွင်းနေ ဦးအိုက်နု က သျှမ်းသံတော်ဆင့်အား ပြောသည်။

“ ကျနော်တို့ရွာနားကို ဒီမနက်စောစော မြန်မာစစ်ကြောင်း ဖြတ်သွားတယ်။ မကြာပါဘူး သေနတ်သံကြား တော့တာဘဲ။ သူတို့တိုက်ပွဲဖြစ်တဲ့နေရာက ရွာနဲ့ မနီးတော့ သိပ်စိတ်မပူရပါဘူး။ မြန်မာစစ်ကြောင်းက ပူးပေါင်းတပ်လေ။ တကြောင်းမှာ ၄၀- ၅၀ ထက်မနည်းဘူး။ သျှမ်းတပ်ကလဲ ၂ ဖွဲ့ပူးပေါင်းထားတဲ့ တပ်ပေါ့။  အသေအပျောက်မရှိဘူး မနေ့က” ဟု စိုင်းအိုက်နုက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်ကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် ၂  ဖွဲ့စလုံးမှ ပြောခွင့်ရပုဂ္ဂိုလ်များက မကြား သိရသေး ကြောင်း ပြောဆိုပါသည်။

တရုတ်-မြန်မာ ဂက်စ်ပိုက်လိုင်းဖြတ်သန်းသွားသည့် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် ၂ ခုအပြင် ဒေသတွင်းပြည်သူ့စစ်တပ်ဖွဲ့ တို့ပါ လှုပ်ရှားနေသည်ဖြစ်ရာ အစိုးရတပ်မတော်က ဂက်စ်ပိုက်လိုင်းအတွက် လုံခြုံရေးအထူးတင်းကျပ်ချထားသော ဒေသဖြစ်ပါသည်။