သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် ရပ်မိရပ်ဖများက လူငယ်များအား ဦးဆောင်ကာကိုယ့်အားကိုယ်ကိုး မူးယစ် ဆေးဝါးတိုက်ဖျက် ရေး လှုပ်ရှားမှု ပြုလုပ်နေကြကြောင်းစုံစမ်းသိရှိရပါသည်။
“မူစယ် နောင်မို၊ နောင်ယန်းရွာတွေက လူငယ်တွေကို ရပ်မိရပ်ဖတွေက ဦးဆောင်ပြီးမူးယစ်ဆေး ရောင်းဝယ် သုံးစွဲတဲ့ တဲတွေကို မီးရှို့ရှင်းလင်းတယ်။ လူငယ်အကျင့်စာရိတ္တ ပြုပြင်ရေး မူစယ်မြို့နယ် မန်ဟီးရိုးမြို့နယ်ခွဲ ဆိန်တိုက်ကျေးရွာ ဆိုပြီး အာဏာပိုင်တွေဆီမှာကျနော်တို့ စာတင်ပါတယ်။ လုပ်ပိုင်ခွင့်စာ ကျလာပါပြီ။ မှတ်ပုံတင်တော့မဟုတ်သေးပါဘူး။
အဲဒီအထဲမှာ ၁၉ ရွာက လူတွေ ပါဝင်ပါတယ်။ ကျနော်တို့ဗဟိုအဖွဲ့ဝင် ၅ ဦးရှိပါတယ်။ ” ဟုဒေသခံတဦးက ပြောသည်။
မူစယ်မြို့ နောင်မို နောင်ယန်းရွာများတွင်မူးယစ်ဆေးကိုလွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့်ရောင်းဝယ် နေသဖြင့် ထိုသို့ ရပ်ကွက်သားများကရှင်းလင်းရခြင်းဖြစ်ကြောင်းဦးဆောင်ဦးရွက်ပြုသူ စိုင်းဆာမ်ဆိုင်က ပြောပါသည်။
ရပ်ရွာအတွင်း မူးယစ်ဆေးတိုက်ဖျက်ရှင်းလင်းရေးလုပ်ငန်းကို ယခုလ ၁ ရက်နေ့ကစတင်ခဲ့ပြီး သုံးစွဲသူများနှင့် ပစ္စည်းများကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟုဆိုပါသည်။
“ကျနော်တို့ လုပ်ငန်းကို အာဏာပိုင်တွေဘက်က လာရောက်တားမြစ်တာတော့ မရှိဘူး။ ရဲတွေ ပလိပ်တွေ အာဏာပိုင်တွေက အစက ကူညီရှင်းလင်းပေးတယ်။ ဒီဘက်ရှင်းရင်ဟိုဘက်ရောက်သွားတယ်။ ပျောက်သွားတာမရှိဘူး။ နောက်ပိုင်း ထပ်မံရှင်းလင်းတာ၊တားဆီး တာလဲ မရှိတော့ ဆေးသမားတွေက ပြောင်ပြောင်တင်းတင်းလုပ်လာတယ်။ အဲလောက်ဆိုးဝါး လာတော့ ကျနော်တို့လဲ နောင်လာ နောက်သား မျိုးဆက်တွေအတွက်ရည်ရွယ်ပြီး အခုလို စေတနာရှေ့တန်းတင်ပြီး လုပ်တာပါ” ဟု ဆိုပါသည်။
ရွှေလီမြစ်ဝှမ်းဒေသတွင်ဝမ့်ဟိုပို၊ ဝမ့်ဝိန်းနန်း၊ စွန်စော်ရပ်ကွက်တို့တွင် မူးယစ်ဆေးရောင်းဝယ် ဖောက်ကားနေ ကြကြောင်း၊ တဲများထိုး၍ ယာဘ ဘိန်းဖြူ လွတ်လွတ်လပ်လပ် သုံးစွဲနေကြသည်ဟု ဆိုပါသည်။ မူးယစ်ဆေး များကို သယ်ဆောင် ဖြန့်ဖြူး နေသည်မှာ ထိုဒေသတဝိုက်အခြေချလှုပ်ရှား နေသော ပြည်သူ့စစ်တပ်ဖွဲ့ဖြစ် ကြောင်း စွန်စော်ဒေသခံလူငယ်တဦးက ပြောသည်။
၂၀၁၂ နှစ်နှောင်းပိုင်းမှစ၍ ယနေ့အထိ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီး ၊နမ္မတူမြို့နယ် မိုင်ယင်၊ တန့်ယန်းမြို့နယ် နောင်လျန်အုပ်စုတို့တွင် မူးယစ်တိုက်ဖျက်ရေးအတွက် ဒေသတွင်း အမျိုး သမီးများ လူငယ်များစုပေါင်းဖွဲ့စည်းထားသည့်အဖွဲ့များက
လှုပ်ရှားနေပါသည်။ ထိုသို့ လှုပ်ရှားမှုများ အောင်မြင်နေပြီး မူးယစ်တိုက်ဖျက်ရေးမှာလည်းထိရောက်ကြောင်း ဦးဆောင်ဦးရွက်ပြု သူများက ပြောပါသည်။