မြန်မာတပ်သား တပ်ထုများ အထက်အမိန့်ကိုသာနာခံရမည်ဟု နေပြည်တော်ညွှန်ကြား

မြန်မာတပ်သား တပ်ထုများ အထက်အမိန့်ကိုသာနာခံရမည်ဟု နေပြည်တော်ညွှန်ကြား
by -
သျှမ်းသံတော်ဆင့်

မြန်မာအစိုးရစစ်တပ်၏ အောက်ခြေတပ်သားများသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ကမ်းလှမ်း တင်ပြသော နှစ်ဦးနှစ်ဘက် ဆက်သွယ်သတင်းပေးပို့ရေးဖြင့် တိုက်ပွဲများလျှော့ချမည်ဟူ သည့် အချက်ကို လက်ခံသော် လည်း အထက် အမိန့်ကိုနာခံရမည်ဟူသည့် နေပြည်တော်အမိန့်ကြောင့် တိုက်ပွဲများဆက်လက် ဖြစ်ပွါးနေရ သည်ဟု မြန်မာစစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါသည်။

သြဂတ်စ်လဆန်းက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA က အောက်ခြေ တပ်သားထုအားလုံးကို နီးစပ်သည့်  မြန်မာစစ်တပ်နှင့် ဆက်သွယ်လှုပ်ရှားသွားရန်  ညွှန်ကြား ခဲ့ပါသည်။

သျှမ်းပြည်တပ်မတော်၏ ထိုသို့သော ကမ်းလှမ်းမှုကို ဒေသတွင်းလှုပ်ရှားနေသည့်မြန်မာစစ်တပ်က လက်ခံသဘော တူ ကြောင်း သို့သော် ထိုသတင်းကြောင့် နေပြည်တော်မှ  တိုင်းရင်းသားဆက်ဆံရေးတာဝန်မှာ အစိုးရတာဝန်ဖြစ်သဖြင့် အောက်ခြေတပ်ထုမှာ အထက်အမိန့်ကိုသာ နာခံရန် သက်ဆိုင်ရာစစ်တိုင်းရုံးသို့ ချက်ချင်းအမိန့်ထုတ်ညွှန်ကြားလာကြောင်း မြန်မာစစ်တပ်နှင့်နီးစပ်သည့်အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပါသည်။

 “နေပြည်တော်ကနေ ဆင့်ဆိုညွှန်ကြားလိုက်တယ် အောက်ခြေ တပ်ထု တပ်သားတွေ အထက်အမိန့်ကို ဘဲနာခံပါ။ တိုက်ခိုင်း ရင်တိုက် ဆုတ်ခိုင်းရင်ဆုတ် ဒီလောက်ဘဲ။ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆက်ဆံဖို့ အလုပ်က နေပြည်တော်ကအလုပ် ဘဲလို့ ပြောလာတော့ ဒီမိုင်းပန်ဘက်မှာ အရင်အပတ်က တိုက်ပွဲမဖြစ်သင့်ဘဲ ဖြစ်သွားခဲ့တယ်- ဟု ဆိုပါသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က သျှမ်းပြည်တောင်ပိုင်းမိုင်းပန်မြို့တွင် မြန်မာစစ်တပ်က သျှမ်းပြည်တပ်မ တော်လှုပ်ရှားသည့်ဒေသဘက် သိသိနှင့်တက်သွားသောကြောင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ခဲ့ရ သည်ဟုလည်း ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့စစ်တပ်ဖွဲ့က ပြောပါသည်။

“ ကျနော်တို့လဲ သတိပေးတယ်။ ရွာသားတွေကလဲ ပြောတယ် ။တက်သွားရင်တော့ သျှမ်းတပ်နဲ့တိုးမှာလို့။ အဲတာ မြန်မာစစ်တပ်က  ဒီမြေဟာ အစိုးရပိုင်တဲ့မြေဖြစ်တဲ့အတွက် အစိုးရတပ်မတော်ဟာ နေရာတိုင်းသွား လို့ရတယ်- တဲ့ အဲလိုပြန်ပြောတယ်” ဟု ဆိုပါသည်။

RCSS/SSA ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်က “ တိုက်ပွဲလျှော့ချဖို့အတွက် သျှမ်းပြည် ၃ ပိုင်းစလုံးမှာ RCSS ရဲ့ ဆက်ဆံရေးရုံးတွေ ဖွင့်ထားပေမယ့် မြန်မာအစိုးရစစ်တပ်က ဆက်ဆံရေးရုံးတွေနဲ့ အလုပ်မလုပ်တာကို နားမလည်ဖြစ်ရတယ် ” ဟုပြောဆိုပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA ဟာ မြန်မာအစိုးရနှင့်  ၂၀၁၁ ဒီဇင်ဘာလကတည်းက အပစ်ရပ်သဘော တူညီခဲ့ သည်။ တဖက်နယ်မြေထဲဝင်ပါက လက်နက်မပါဖို့ ၊ ကြိုတင်သတင်းပေးဖို့ သဘောတူညီထား သော်လည်း  အခုအချိန်အထိ တိုက်ပွဲပေါင်း အကြိမ် ၁၂၀ ကျော်  ဖြစ်ပွါးနေပါသည်ဟု RCSS ကပြောပါသည်။