သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်တပ်ကျေးရွာရှိ ရွှေလီလျှပ်စစ်ဓာတ်အားကို နမ့်ခမ်းမြို့ အနီးရှိ ကျေးရွာများမှာ ယနေ့တိုင် အသုံးပြုခွင့်မရရှိသေးကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရပါသည်။
ရွှေလီရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားကို နမ့်ခမ်းမြို့တွင်းသို့သာ ဖြန့်ဝေပေးနေ ကြောင်း၊ ကျေးရွာများ တွင် အသုံးပြုနိုင်ရန် နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၃ ရွာက စုပေါင်း၍ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဂျူလိုင်လဆန်းပိုင်းကတည်းက တင်ပြတောင်းဆိုထား သော် လည်း ဆောင်ရွက်ပေးခြင်း မရှိကြောင်း ဆိုပါသည်။
ရွှေလီရေအားလျှပ်စစ်စက်ရုံထံ တင်ပြတောင်းဆိုရာတွင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးကျော်နိုင် က လျှပ်စစ်ဖြန့်ဖြူး ရေးကို Junction River ကုမ္မဏီက တာဝန်ယူဆောင်ရွက်ပေးနေကြောင်း၊ လျှပ်စစ် ဓာတ်အား အသုံးပြုလိုပါက တစ်ရွာလျှင် transformer တစ်လုံး ကျပ်သိန်း ၂၀၀၊ မီးကြိုး တစ်မိုင် လျှင် ကျပ် ၁၀၅ သိန်း၊ တစ်အိမ်လျှင် မီတာတစ်လုံး ကျပ် ၅ သိန်းနှင့် လုပ်အားခ သပ်သပ် ထပ်မံ ပေးသွင်းရမည်ဟု ပြောဆိုလာကြောင်း နမ့်တီးကျေးရွာမှ စိုင်းသိန်းက ပြောပါသည်။
“ကျနော်တို့ ဟိုပုံကျေးရွာအုပ်စုကိုလည်း ကျပ် ၉၁၀ သိန်း တောင်းတယ်။ ဘယ် လိုပေးနိုင်မှာလဲ ဗျာ။ ရွာသားတွေက လယ်သမားတွေချည်း။ တနေ့လုပ် တနေ့စားတွေ။ မီတာ တလုံး ၅ သိန်း မပြောနဲ့ ၅ ထောင်တောင် ပေးဖို့မလွယ်ပါဘူး။ မြင်သာမြင်ရ မကြင်ရသည့် ရွှေလီရေအား လျှပ်စစ်မီး ဖြစ်နေတယ်ဗျာ ” ဟု ဟိုပုံကျေးရွာနေ ဦးအိုက်မြင့် က ပြောပါသည်။
ရွှေလီမြစ်ပေါ် ရေကာတာတည်ဆောက်၍ ရွှေလီရေအားလျှပ်စစ်စက်ရုံ တည်ဆောက်သဖြင့် မြစ် ကမ်း ဘေးတလျှောက်ရှိလယ်များ နှစ်စဉ်နှစ်တိုင်း ရေမြှုပ်ကြောင်း၊ ထို့ကြောင့် သီးနှံများ ပျက်စီး ဆုံးရှုံးရကြောင်း ကွန်ကျိုင်းရွာသား ဦးမောက်ခမ်းက ဤကဲ့သို့ ရင်ဖွင့်ပြောဆိုပါသည်။
“စက်ရုံဆောက်တုန်းကလည်း လုပ်အားပေးခဲ့ရတယ်။ လူကြီးလာမယ်ဆိုရင်လည်း မနက် ၃ နာရီ ကတည်းက သွားစောင့်ကြိုရတယ်။ စက်ရုံလုံခြုံရေးအတွက် စခန်းဆောက်ဖို့ ဝါးတွေကို အိမ်တိုင်း စေ့ သွားပို့ပေးရတယ်။ ဒီဒုက္ခတွေကိုကျနော်တို့ ခံခဲ့ရပြီး လျှပ်စစ်မီးကိုတော့ မသုံးရဘူး။ တရုတ် ပြည်ကို ရောင်းစား၊ ဗမာပြည်ကို ယူသွားနဲ့။ ကျနော်တို့က တရုတ်ဆီကနေ တယူနစ် ၂၀၀ ကျော်ပေး ပြီး သုံးနေရတယ်။ ရင်နာစရာသိပ်ကောင်းတယ်။”
တဖက်၌လည်း Junction River ကုမ္မဏီက ၂၀၁၃−၂၀၁၄ လျှပ်စစ်ဖြန့်ဖြူးရေးစီမံကိန်း၌ လျှပ်စစ် မီးကို ကျေးရွာများသို့ သွယ်တန်းပေးမည့် အစီအစဉ်မရှိကြောင်း မကြာခင်က စာထွက်ထားကြောင်း ဒေသခံများက ဆိုပါသည်။
“Junction River ကမ္မဏီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတယောက်ကပြောပြတယ်။ သူတို့က အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနကနေ တယူနစ်ကို ၄၅ ကျပ်နဲ့ ဝယ်ရပြီး ပြည်သူတွေကို တယူနစ် ၂၅ ကျပ်နဲ့ ပြန်ရောင်းပေးတယ်။လုပ်ငန်းသုံးတွေကိုတော့ တယူနစ် ရ၅ ကျပ် ယူတယ်။ အစိုးရက ဘာမှမကူ ဘူးတဲ့။ ဒါကြောင့် ရွာတွေဘက် လျှပ်စစ်မီးသွယ်ပေးရင် မကိုက်လို့ မသွယ်ပေးတာလို့ ထင်တယ်” ဟု နမ့်ခမ်းမြို့ခံ စိုင်းပီးကလည်း ပြောပါသည်။
Junction River ကုမ္မဏီသည် နမ့်ခမ်းမြို့နယ်၊ မူစယ်မြို့နယ်နှင့် ပန်ဆိုင်းမြို့နယ်အတွင်း လျှပ်စစ် ဖြန့်ဖြူးရေးလုပ်ငန်းကို တာဝန်ယူထားခြင်း ဖြစ်သည်။
ရွှေလီရေအားလျှပ်စစ်စီမံကိန်းကို နမ့်ခမ်းမြို့နယ် မန်တပ်ကျေးရွာအနီး ၂၀၀၂ ခုနှစ်၌ စတင် အကောင် အထည်ဖော်ခဲ့ပြီး ၂၀၀၉ မေလဆန်းပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။ ဗမာပြည်အလယ်ပိုင်း အောက်ပိုင်းနှင့် တရုတ်နိုင်ငံအတွင်းသို့ ၂၃၀ နှင့် ၂၂၀ ဗို့ ကြိုးလှိုင်းများဖြင့် သွယ်တန်းပို့ဆောင် နေကြောင်း၊ နမ့်ခမ်းမြို့နှင့် မူစယ်မြို့အတွင်း၌ ၂၀၁၀ မှသာ စတင်အသုံးပြုနိုင်ကြောင်း ၊ အနီးတဝိုက်ကျေးလက်မှာ ယနေ့တိုင် သုံးခွင့်မရသေးကြောင်း သိရပါသည်။