ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် အတွင်းရှိ သျှမ်းစစ်ဘေးရှောင်ဒုက္ခသည် ၅၀၀ ကျော် ခိုလှုံ နေထိုင်သည့် ကုန်းကျော်စခန်းအား သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းထားမြို့နယ်ခွဲသို့ ရွှေ့ပြောင်းမည့် ကိစ္စ အဓမ္မစေခိုင်းမှု မဖြစ်သင့်ကြောင်း သျှမ်းလူမှုအဖွဲ့အစည်းက ယနေ့တွင် ကြေငြာချက် ထုတ်ပြန် လိုက်သည်။
“ဂျူလိုင်လလယ်ပိုင်းတုန်းကပေါ့။ တာချီလိတ်က အာဏာပိုင်တချို့ရယ် ထိုင်းနိုင်ငံ ချိုင်းရိုင်းခရိုင်က ရဲတွေ ရယ် လာသွားတယ်။ ပြီးတော့ မိုင်းတော့ဘက် အခြေချတဲ့ လှုပ်ရှား စစ်ဗျူဟာကလဲ ကျနော်တို့ ကို ပြန်ဖို့ လာပြောတယ်။ ဉက္ကဌ ဦးယွက်စစ်နဲ့ ညှိနှိုင်းပြီးပြီ ဆိုဘဲ။ ကျနော်တို့က သျှမ်းပြည်တပ်မတော် လက်အောက်ခံ စခန်း မဟုတ်ဘူးလေ။ လက်နက်ကိုင်တပ်ဖွဲ့တွေကို အစိုးရတပ်က ထပ်မတိုက်ပါဘူးလို့ ဘယ်သူအာမခံလဲ။ ဒေသ အေးချမ်းမှု လဲ မရှိသေးဘူး။ မြေမြှုုပ်မှိုင်းကိစ္စတွေလဲ ရှိသေးတယ်မဟုတ်လား” - ဟု ကုန်းကျော်စခန်း ဉက္ကဌ ၏ သားဖြစ်သူ စိုင်းလိတ်ကပြောပါသည်။
မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော်တို့ ကြား ဆယ်စုနှစ်များများ ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် သျှမ်း လူထု သိန်းချီ ထိုင်းသို့ ခိုလှုံကြရ၏။ သျှမ်းဒုက္ခသည်အရေး လက်ခံဖြေရှင်းပေးသည့် စခန်းမရှိသော ကြောင့် ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားအဖြစ် နေထိုင်ရသည်ဟု သျှမ်းလူမှုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟန်ဖှက ပြောသည်။
ကရင်နီ၊ ကရင်၊ မွန်နှင့် မြန်မာတို့အတွက် စခန်းကြီး ၉ ရှိပြီး နိုင်ငံရပ်ခြားထောက်ပံ့မှုရခဲ့သော်လည်း သျှမ်း ဒုက္ခသည်များမှာမူ ထိုသို့ အခွင့်အရေးမရရှိခဲ့ကြောင်း၊ တတိယနိုင်ငံသို့ ကူးပြောင်းနေထိုင်သည့် အခွင့်အရေး လည်း မရှိကြောင်း၊ TBBC မှ အကူညီအချို့ရရှိသော်လည်း ဝမ်းစာဖူလုံရေးအတွက် မိမိကိုယ်တိုင် ရှာဖွေလုပ် ကိုင်ရကြောင်း၊ ထို့အတွက် ကြောင့် ဒုက္ခသည်များ ဆန္ဒမပါဘဲ ပြောင်းရွှေ့ခံရသည့်ကိစ္စ လက်မခံနိုင်ကြောင်း သူက ဤကဲ့သို့ ဆက်ပြောပါသည်။
“အခုက ဒုက္ခသည် ဦးရေ ၅၀၀ ကျော်တယ်။ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံးပေါ့။ ဒေသ အတွင်း ငြိမ်းချမ်းမှုလဲ မရှိသေးဘူး။ မြေမြှုပ်မှိုင်းကိစ္စလဲရှိသေးတယ်။ ကလေးပညာရေးကော ရှိတယ်လေ။ ဒါတွေ ဘယ်လိုလုပ်မှာလဲ။ အဓမ္မပြောင်းရွှေ့နေထိုင်စေမှုတော့ မဖြစ်သင့်ဘူးလေ။ သူတို့ဆန္ဒပါမှ လုပ်စေချင်တယ်။
အချိန်လဲ မတန်သေးဘူးလို့ မြင်မိလို့ ကျမတို့လဲ စိုးရိမ်ရတာပေါ့” - ဟု သျှမ်းလူထု အခြေပြုအဖွဲ့အစည်းများ တာဝန်ခံ ယိင်းဟန်ဖ က ပြောပါသည်။
သျှမ်း ဒုက္ခသည်များအားနေရာပြန်လည်ချထားမည်ဆိုသည့် မိုင်းထားမြို့နယ်ခွဲသည် အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့အတွက် ဌာနချုပ်အခြေ ချ နေထိုင်ခွင့်ပြုမည်ဟု အစိုးရဘက် ကတိကဝတ်ပေးထားသော်လည်း အပစ်ရပ်ကာလ နှစ်နှစ်ပြည့်ချိန် အထိ တစုံတရာအကောင်အထည်ဖေါ်နိုင်သေးခြင်းမရှိပေ။
၂၀၀၂ တွင် မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော်ကြား တိုက်ပွဲများကြောင့် သျှမ်းလူထု စစ်ဘေးရှောင် တိမ်းရာမှ ကုန်းကျော်ဒုက္ခသည်စခန်း ပေါ်ပေါက်လာခြင်းဖြစ်သည်။