တရုတ်သို့ ဂက်စ်များ လွှတ်ပြီဖြစ်သော်လည်း ပိုက်လိုင်းတင်ကားများ သယ်ဆောင်ခ မရရှိသေး

တရုတ်သို့ ဂက်စ်များ လွှတ်ပြီဖြစ်သော်လည်း ပိုက်လိုင်းတင်ကားများ သယ်ဆောင်ခ မရရှိသေး
by -
သျှမ်းသံတော်ဆင့်

တရုတ်နိုင်ငံသို့  ဂက်စ် နှင့်ရေနံများ စတင်ပို့လွှတ် နေပြီဖြစ်သော်လည်း ဂက်စ်ပိုက်လိုင်း တင်ကားပိုင်ရှင်များမှာ ကားခ  ပြည့်အဝ မရရှိသေးကြောင်း သျှမ်းပြည် မြောက်ပိုင်း ဒေသခံ ကားဆရာများက ပြောပါသည်။

“ ကျနော်တို့ကို  အေးရှားဝေါလ်နဲ့  ဦးကျော်ညွန့် (ဂျယ်ဂေါင် ဂိတ်မှူး) က ခေါ်ပြီးတော့ ဂက်စ်ပိုက်လိုင်း တွေ သယ် ပေးဖို့ ပြောတယ်။   ကားအစီးပေါင်း ၄၀ (မူစယ် ၃၀ မန္တလေး ၁၀ ) က ၁၈ လ အတွက် စာချုပ်ချုပ်တယ်။ အခု ကျပ်သိန်းပေါင်း ၁ သောင်း အေးရှားဝေါလ် ဆီကနေရဖို့ကျန်ပါတယ်။ ကျနော်တို့မှာ အခက်အခဲ တွေ့နေရပါတယ်” ဟု ဂက်စ်ပိုက်လိုင်းသယ်ဆောင်ပေးသည့် ကားပိုင်ရှင် အိုက်စိုင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

 ၂၀၁၁ ဖေဖော်ဝါရီလ ရက်စွဲဖြင့် စာချုပ်တွင် လက်မှတ်ရေးထိုး ထားကြပြီး လုပ်ငန်းကာလမှာ ၂၀၁၂ ဂျူလိုင်လ အထိ ဖြစ်ကြောင်း၊ သို့သော် ပိုက်လိုင်း သယ်ယူပေးခရရန် ကြွေးကျန် မှာ ၂၀၁၂ မတ်လမှစ၍ လုပ်ငန်းပြီးဆုံးချိန်အထိ ၅ လ စာ ဖြစ်ကြောင်း ကာယကံရှင် ကားဆရာက ပြောသည်။

“တ ခေါက်သယ်ပေးရင် ကားတစီးကိုကျပ် ၁၀ သိန်းပေးမယ်လို့ စာချုပ်ထဲမှာပါတယ်။ ကျနော်တို့  ကို    လစဉ်တင်ပြတောင်းခံလာတဲ့ ရက်ကနေ ရ ရက်အတွင်း ပိုက်ဆံ ထုတ် ပေးမယ်လို့ လဲပါရှိပါတယ်။   ကျ နော်တို့ တခေါက်စာဆိုရင် ဦးစိုင်းကျော်ညွန့်က ကျပ် ၈ သောင်း ပွဲခ ယူသေးတယ်ဗျာ။ သူက အလုပ် လက်ခံ တာဝန်ယူတဲ့လူလေ။ ဒါပေမယ့် ပိုက်ဆံမရတာ သူ့ကို အကူအညီသွားတောင်းတော့ သူက တောင်းပေးမယ်ဘဲပြောတယ်   ” ဟု  ကားဆရာအိုက်စိုင်းက ဆိုပါသည်။

အိုက်စိုင်းတို့ စာချုပ်တွင် မန္တလေးမှ ကား ၁၀ စီးနှင့် မူစယ်မှ ကား အစီး ၃၀ ကို ငှားရမ်းထားခြင်း ဖြစ်သည်။ တခြားသော  သိန္နီ လားရှိုးမှ ကားများပါဝင်ပါက အေးရှားဝေါလ်မှ ကားအစီးပေါင်း ၁၀၀ ခန့် ငှားထားကြောင်းလည်း ဆိုပါသည်။ တရုတ်နိုင်ငံ မှ သွင်းလာသော ပိုက်လိုင်းလုံးများကို ကားသမားများ က ဂျယ်ဂေါင်ဂိတ်မှ တဆင့် သီပေါ ပိုက်သိုလှောင်ရုံသို့ သယ်ယူပို့ဆောင်ပေးရသည်ဟု ဆိုပါသည်။

အေးရှားဝေါလ်ဘက်မှ လုပ်ငန်းအပ်နှံပေးသူ မှာ ဒါရိုက်တာ ဦးမောင်ကျေး ဖြစ်ကြောင်း စာချုပ်တွင် ပါရှိပါသည်။ ပိုက်လိုင်းသယ်ခ  ၅ လ စာ မရသေးသည့်အပေါ်  ကားဆရာများကိုယ်စား အိုက်စိုင်းက “ စာချုပ်ပါ ကတိအတိုင်း ကျနော်တို့ဘက်က တသွေမတိမ်း လိုက်နာတယ်။ ပိုက်ဆံပေးမယ့်ချိန်ကျတော့ မပေးချင် တာတော့မဖြစ်သင့်ဘူး။ ဒီကိစ္စ  ပြည်နယ်အစိုးရ ပြည်ထောင်စုအစိုးရတို့ကိုသိစေချင်တယ်။ တာဝန်ယူဖြေရှင်းပေးစေချင်တယ်။အေးရှားဝေါလ် ကုမ္မဏီရဲ့ ရွာသားတွေကို ခေါင်းပုံဖြတ်မှုအပေါ် ၊ ကားသမားတွေအပေါ် တာဝန်မဲ့ ဆက်ဆံနေမှုအပေါ်  အရေးယူပေးစေချင်တယ်” ဟု  ကားဆရာ အိုက်စိုင်းက ပြောဆိုခဲ့ပါသည်။

ရခိုင်ပြည်နယ် ကျောက်တော်မှ တရုတ်နိုင်ငံ ပေကျင်းမြို့အထိ ဂက်စ်ပိုက်လိုင်း များသွယ်တန်းပြီးစီး၍ ဂက်စ်များကိုလည်း ပြီးခဲ့သည့် ဂျူလိုင်လကပင် စတင်ပို့လွှတ်နေပြီဖြစ်ပါသည်။