သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ တောင်ဘက်ခြမ်း၊ သံလွင်အနောက်ခြမ်း ဝ ထိန်းချုပ်နယ်မြေ နှင့် သျှမ်းပြည် တပ်မ တော် SSPP/SSA နယ်မြေအကြားသို့ အစိုးရတပ် အင်အားဖြည့်နေကြောင်း ဒေသခံများက ပြောသည်။
“တပတ်လောက်ရှိပြီ ဝင်လာတာ။ မိုင်းရယ်ဘက်မှာတော့ တပ်ချိန်းတယ်လို့ ပြောတယ်။ ကျနော်တို့ ဘက် ဝင်လာတဲ့ စစ်ကား တွေတော့ အပြောင်းအလဲလုပ်တာမဟုတ်ဘူး။ ထပ်ဖြည့်တာ။ အခုလဲ ထပ်လာတယ်။ ကားကြီး ၆ စီး စစ်သားတွေ အပြည့်ဘဲ” - ဟု တန့်ယန်းရောက် လွယ်စေး ဒေသခံ အိုက်ဆိုက် က ပြောပါသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဗဟိုကော်မတီဝင် ဗိုလ်မှူးနော်လိတ် က - ဝမ့်ဟိုင်းဒေသအနီး အစိုးရတပ်များ အပြောင်းအလဲ လုပ်ခဲ့ကြောင်း၊ သို့သော် တန့်ယန်းမြို့နယ် လွယ်ခေါက်၊ လွယ်စေး ဒေသဘက် သို့ တစီးလျှင် လူသူလက် နက် အင်အား ၃၀ ကျော်ခန့် ပါရှိသည့် အစိုးရစစ်ယာဉ်တန်း (တရုတ်လုပ် ၆ ဘီးကား/ တုန်းဖိုန်းကား) စစ်ကား ၆ စီးခန့်ရောက်ရှိကြောင်း၊ ထို့အတူ မိုင်းရှူးမြို့မှ သံလွင်မြစ်ကမ်း လွယ်ချိုဘက်သို့လည်း အစိုးရစစ်အင်အားများ ထပ်မံရောက် ရှိကြောင်း ပြောပါသည်။
“နမ္မတူ မြို့ဘက်မှာတော့ အစိုးရတပ်က ကျနော်တို့ တပ်ဖွဲ့တွေကို ခြေရာခံလိုက်နေတော့ ရှောင်မရရင် တိုက် ပွဲဖြစ်ရ တာပေါ့။ ကျနော်တို့အနေနဲ့တော့ ကိုယ့်ကိုကိုယ်ကာကွယ်တာပါဘဲ။” - ဗိုလ်မှူးနော်လိတ် က သျှမ်းသံတော်ဆင့်သို့ ဆက်၍ပြောသည်။
မိုင်းရှူးရောက် ဒေသခံ အကြီးအကဲ တဦးဖြစ်သည့် လုံး (ဦး) လိုင်းခမ်း က အစိုးရတပ် နှင့် သျှမ်းပြည်တပ် မတော်အကြား ငြိမ်းချမ်းရေးဆွေးနွေးသော်လည်း အင်အားဖြည့်ခြင်း စစ်ရေးလှုပ်ရှားမှုများ လျှော့ချခြင်း မတွေ့ရသောကြောင့် ဘဝလုံခြုံမှု အတွက်စိုးရိမ်နေကြောင်း၊ တိုက်ခိုက်ရေးစစ်ကားများပါ ထပ်မံပို့ဆောင် လာသော ကြောင့် အစိုးရတပ် လျှို့ဝှက်စစ်ရေးပြင် ဆင်မှုများရှိနိုင်သည်ဟု သံသယ ရှိကြောင်း သျှမ်းသံတော် ဆင့် သို့ ပြောပါသည်။
၂၀၁၃ ဂျူလိုင်လ အစောပိုင်းက အစိုးရတပ် တင့်ကားများ အမှတ် ၂ (စကခ ) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် မိုင်းနောင်မြို့ နယ်ခွဲသို့ ထပ်မံပို့ဆောင်ခဲ့သည်။ ၂၀၁၃ ဂျူလိုင် ၁၀ ရက်နေ့ခန့်ကလည်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် သို့လည်း တင့်ကား အစီး ၂၀ ထပ်မံရောက်ရှိလာသည်ဟု ကျိုင်းတုံမြို့ရှိ အပစ်ရပ်အရာရှိတဦးက ပြောပါသည်။
မြောက်ပိုင်း သျှမ်းပြည်တပ်မတော် ခေါ် SSPP/SSA သည် ၂၀၁၂ ဂျန္နဝါရီလ ၁၃ ရက်က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထား၏။ သို့သော် ယနေ့တိုင်အစိုးရနှင့် တိုက်ပွဲပေါင်း အကြိမ် ၁၅၀ ထက်မနည်းဖြစ်ပွားနေခဲ့ရကြောင်း SSPP အရာရှိများက အတည်ပြုပြောဆိုပါသည်။ တိုက်ပွဲတိုင်းမှာလည်း အစိုးရတပ်ဘက်က ကျူးကျော်တိုက်ခိုက်ခဲ့သည်ဟု ဆိုပါသည်။