တပြည်လုံးအပစ်ရပ်ရေးတွင် အစိုးရနှင့်တပ်မတော်ကိုယ်တိုင်ပါ၀င်လက်မှတ်ရေးထိုးသင့်- UNFC ထောက်ပြ

တပြည်လုံးအပစ်ရပ်ရေးတွင် အစိုးရနှင့်တပ်မတော်ကိုယ်တိုင်ပါ၀င်လက်မှတ်ရေးထိုးသင့်- UNFC ထောက်ပြ
by -
သျှမ်းသံတော်ဆင့်

တပြည်လုံးအပစ်ရပ်စဲရေး အစိုးရမှကြေငြာပါက အစိုးရနှင့်တပ်မတော်ကိုယ်တိုင်ပါ အပစ်ရပ်ရေး လက်မှတ်ရေး ထိုးရမည်ဖြစ်ကြောင်း UNFC ဒု- အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုပါသည်။

တပြည်လုံးအပစ်ရပ်ရေးတွေ့ဆုံကာ လက်မှတ်ရေးထိုးမည်ဆိုပါက အစိုးရနှင့် တပ်မတော်ကပါ လက်မှတ်ရေး ထိုးရမည်ဖြစ်ကြောင်း ၊ လက်မှတ်ရေးထိုးရာတွင်လည်း သမ္မတကြီး ညွှန်ကြားထား သည့်အချက် ၅ ချက်အပြင် တပြည်လုံး အစစ်အမှန်အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ရေးတို့ကိုပါထည့်သွင်းရမည်ဖြစ်ကြောင်း ခွန်ဥက္ကာက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“ အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့တွေက ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေမှာ လက်မှတ် ရေးထိုးပြီးပြီ။  အဲဒါကို သမ္မတ ကြီးက တတိုင်းပြည်လုံးအတိုင်းအတာ အပစ်ရပ်စဲရေးမှာ တိုင်းရင်းသားတွေကို  ထပ်ပြီးလက်မှတ် ထိုးခိုင်းတာကတော့ မရှင်းမလင်းဖြစ်နေတယ်။ ဆိုလိုတာက တိုင်းရင်းသားတွေဘက်က ဘာ ကြောင့် ထပ်ထိုးရ မလဲ။ နိုင်ငံတော်အစိုးရဘက်က စစ်တပ်ဘက်က မထိုးဘူးလား။ သို့တည်းမဟုတ် စစ်တပ် ဘက်က အစိုးရဘက်က မကြေငြာဘူးလား သူတို့ဘက်ကလဲ အပစ်ရပ်ပါတယ်ဆိုတာ။ အပစ်ရပ်တာ က တပြည် လုံးရပ်တာဘဲဖြစ်ဖြစ် ဘယ်လိုဘဲရပ်တာ ဘဲဖြစ်ဖြစ်  ပြဿနာမဟုတ်ဘဲနဲ့ နိုင်ငံရေးဆွေး နွေးပွဲလုပ်တာက ပြဿနာ ဖြစ်နေတယ်။ အပစ်ရပ်ရေးက တရစ်ပြီးတရစ် တဆင့်ပြီးတဆင့်ချည်နှောင် သွားပြီး နောက်ဆုံး နိုင်ငံ ရေးဆွေးနွေးမှုကို  အကြောင်းအမျိုးမျိုးနဲ့ထပ်မံ ရွှေ့ဆိုင်းထားရင် လှည့်ပတ်ပြီးတော့ အချိန် ဆွဲပြီး ဒုတိယ အကြိမ် လက်မှတ်ထပ်ထိုးခိုင်းဦးမယ်ဆိုရင် တိုင်းရင်းသားတွေဘက်က လိုရင်းမရောက်နိုင် တော့ဘူး  ” ဟု ခွန်ဥက္ကာက သုံးသပ်ပါသည်။

ထို့အပြင် တိုင်းရင်းသားများအား တပ်မတော်က လိုက်လံတိုက်ခိုက်နေသည်မှာ သမ္မတက တပ်မတော်အပေါ် အာဏာမပေးနိုင်ခြင်းမဟုတ်၊ ဒေသခံများအပေါ် တိုင်းရင်းသားတပ်ဖွဲ့မှ ဆက်ကြေးလိုက်ကောက်နေသည့် တိုင်ကြားမှုကြောင့် တပ်မတော်မှသွားရောက်တိုက်ခိုက်ရသည် ဟူသော ပြည်ပခရီးစဉ်၌  သမ္မတကြီး  ပြောဆိုမှု နှင့်ပတ်သက်၍ ဗိုလ်မှူးကြီးခွန်ဥက္ကာက ခေါင်းဆောင်တဦးအနေဖြင့် တဖက်သတ် ပြောဆိုဖို့မသင့်ကြောင်း ထောက်ပြပါသည်။

“  ဆက်ကြေးကောက်နေဒါ  တပ်မတော်ကိုယ်တိုင်ဖြစ်နေတယ်။ ပအိုဝ်းသတင်းတွေကိုဖတ်ကြည့်လိုက်ပါ။ ရွာတွေမှာ တပ်မတော် စစ်ကြောင်းက တပ်မှူးတွေကိုယ်တိုင်က အကြောင်းရှာပြီး ဆက်ကြေးငွေတွေ ကောက်ခံ နေတယ်။ အဲတာကြောင့် တိုင်းရင်းသားတပ်တွေက ကိုယ့်လူထုကို ကာကွယ်ဒါရှိမယ်လေ။ အဲလိုတဖက် သတ် စွပ်စွဲတာတော့ မဖြစ်သင့်ဘူး ။ ခေါင်းဆောင်ကြီးဖြစ်ပြီးတော့ တဖက်သတ်စွပ်စွဲတာ တဖက်သတ် ဆွဲပြောတာ တို့လုပ်ရင်တော့ မကောင်းဘူးပေါ့ဗျာ။ ”

ထို့ကြောင့်   အပစ်ရပ်ထား သည်ဖြစ်စေ မရပ်ထားသည်ဖြစ်စေ တိုင်းရင်းသားများ၏ နယ်မြေသည် ကျဉ်းသ ထက် ကျဉ်းလာကြောင်း၊ ရပ်တည်ဖို့ လှုပ်ရှားဖို့နေရာတွေနည်းသထက်နည်းလာကြောင်း၊ ထိုသို့ဖြစ်လာမှုအပေါ် သတင်းမှန်ကို မြန်မာ့သတင်းမီဒီယာများက နိုင်ငံတကာ သိရှိလာအောင် ဖော်ပြပေးသင့်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က တိုက်တွန်းပြောဆိုပါသည်။