ကိုးကန့်ခေါင်းဆောင်ဟောင်း လော်ရှင်းဟန်ဈာပန နက်ဖြန်ကျင်းပမည်

ကိုးကန့်ခေါင်းဆောင်ဟောင်း လော်ရှင်းဟန်ဈာပန နက်ဖြန်ကျင်းပမည်
by -
သျှမ်းသံတော်ဆင့်

ယခုလဆန်းပိုင်းက ကွယ်လွန်ခဲ့သော ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးလော်ရှင်းဟန်၏ ရုပ်အလောင်း အား မနက်ဖြန် ဂျူလိုင်လ ၁၇ ရက်နေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးလော်ရှင်းဟန်

ဦးလော်ရှင်းဟန်သည်  ကိုးကန့်ဒေသ လောက်ကိုင် အုပ်စု နမ့်ဟူးထိုင်း ရွာတွင် ၁၉၃၅ ခုနှစ် ဒီဇင် ဘာလ ၂၅ ရက်နေ့က မွေးဖွားခဲ့သည်။ မွေးချင်း ၁၂ ယောက်အနက် အကြီးဆုံးသားဖြစ်သည်။

ဦးလော်ရှင်းဟန်သည် စန်းဖုန်းရှင်နှင့် အိမ်ထောင်ပြုကာ သားသမီး ၉ ဦးမွေးဖွားခဲ့ပါသည်။ သား ၅ ဦး ဦးသန်းနိုင် ၊ ဦးအောင်နိုင်၊ ဦးဝင်းနိုင်၊ ဦးထွန်းမင်းနိုင် (စတီဗင်လော) အေးရှားဝေါကုမ္မဏီပိုင်ရှင်၊ ဦးအောင် ကျော်နိုင် နှင့် သမီး ၄ ဦး ဒေါ်ကြည်ကြည်ဟန်၊ ဒေါ်ဖြူဖြူဟန်၊ ဒေါ်သီတာဟန်နှင့် ဒေါ်စံပယ်ဟန်တို့ ဖြစ်ပါသည်။

၁၉၆၂ တွင် လော်ရှင်းဟန်သည် ကိုးကန့်ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်ဖြစ်ပါသည်။ ၁၉၆၇-၁၉၇၃ အထိ ဦးနေဝင်းအစိုးရနှင့်ပူးပေါင်းကာ ဗမာပြည်ကွန်မြူနစ်ပါတီကို တိုက်ထုတ်ခဲ့သည်။ ၁၉၇၃ တွင် ကာကွယ်ရေးတပ် ဖွဲ့ အား အစိုးရက ဖျက်သိမ်းလိုက်သဖြင့် ဦးလော်ရှင်းဟန် တောခိုခဲ့သည်။ ထိုနောက်ပိုင်း ထိုင်းအစိုးရက ဦးလော်ရှင်းဟန်နှင့် SSA မှ စိုင်းထူးအား ဖမ်းဆီးကာ ဗမာပြည်အစိုးရထံလွဲပြောင်းပေးခဲ့သည်။ သေဒဏ်အထိ အစိုးရက ပြစ်ဒဏ်ချမှတ်ခဲ့သည်။ သို့သော် ၁၉၈၀ တွင် အစိုးရမှ လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သဖြင့်  ထောင်မှ လွှတ်မြောက်ခဲ့သည်။ ၁၉၈၉ တွင် ဝ ၊ မိုင်းလားနှင့် ကချင်တပ်ဖွဲ့များအား အစိုးရနှင့် အပစ်ရပ်အောင် ကူညီပေးခဲ့သည်။

၁၉၉၂ တွင် အေးရှားဝေါလ်ကုမ္မဏီထူထောင်ကာ  စစ်အစိုးရထံမှ လမ်းခင်း တံတားဆောက် ခွင့် ပါမစ်ရရှိခဲ့ သည်။ ထို့ကြောင့်အစိုးရနှင့်ပူးပေါင်းကာ ကားလမ်း တံတား လေယာဉ်ကွင်း လှေဆိပ် သင်္ဘောဆိပ်ကမ်း နှင့် အစိုးရဌာန ရုံးများ ဆောက်လုပ်ခဲ့သည်။

ဦးလော်ရှင်းဟန် သက်ရှိထင်ရှားရှိစဉ်က ပြောဆိုလေ့ရှိသော စကားမှာ “ သျှမ်းပြည်နယ်ဟာ စီးပွါးရေးကျဆင်း တယ်။ သျှမ်းလူထုကလဲ တိုးတက်မှုမရှိဘူး။ ဒါကြောင့်သျှမ်းပြည်လူထုကို ကူညီချင်တယ်။ ဦးခွန်ဆာ ရှိတုန်းက လည်း အမြဲတမ်းဝင်ထွက်သွားလာဆက်သွယ်တယ်။ SSPP/SSA နာယက ဗိုလ်ချုပ်ဆေထဲန့်နဲ့လဲ အရမ်းခင်မင် ရင်းနှီးတယ်”  ဟု လားရှိုးဒေသခံ SSPP/SSA  အသိုင်းအဝိုင်း စိုင်းယီ့ကပြောပါသည်။

ဦးလော်ရှင်းဟန်သည် မူးယစ်ဆေးဝါးကြောင့် နာမည်ပျက်လည်း ရှိခဲ့ဖူးသူတဦးဖြစ်ပါသည်။ အမေရိကန်မှ ၎င်းအား ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ပေးထားပါသည်။ စစ်အစိုးရ ထိပ်သီးအကြီးအကဲတဦးနှင့် အထူးခင်မင်ရင်းနှီးကာ စီးပွါးရေးကို စိတ်တိုင်းကျ လုပ်နိုင်သူတဦးလည်းဖြစ်ပါသည်။ ကိုးကန့်ဒေသ အကြီးအကဲ ဖြစ်ခဲ့စဉ်ကလည်း လူထုအပေါ် ဩဇာညောင်းခဲ့ကာ၎င်းအားလည်း လူထုမှ အထူးခင်မင်လေးစားခဲ့ သည်ဟု  လားရှိုးမြို့ လောစစ်ဟန်အိမ်အနီးနေထိုင် ကိုးကန့်လူမျိုး အားဖူးက ပြောသည်။

Most read this week