RCSS တပ်သားများ သီပေါအချုပ်ခန်း၌ ရိုက်နှက်စစ်ဆေးခံနေရ

RCSS တပ်သားများ သီပေါအချုပ်ခန်း၌ ရိုက်နှက်စစ်ဆေးခံနေရ
by -
သျှမ်းသံတော်ဆင့်

ခေါင်းဆောင်ဖြစ်သူမှ နေပြည်တော်သို့ သမ္မတနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်ခရီးစဉ်အတွင်း မြန်မာစစ်တပ်၏ အဖမ်းခံရသော သျှမ်းပြည်တပ်မတော် RCSS/SSA  တပ်သား ၃ ဦး ယနေ့တိုင်လွှတ်မြောက်ခြင်းမရှိသေးဘဲ မကြာခဏ ရိုက်နှက်စစ်ဆေးခံနေ ရသေးကြောင်း ဆွေမျိုးတော်စပ်သူများက သျှမ်းသံတော်ဆင့်အားပြောပြ သည်။

“သူတို့ကို ဂျွန်လ ၁၃ ရက် ည မှာ သီပေါနဲ့ တာတေကြားက ခမရ ၅၀၄ တပ်ရှေ့မှာ ဖမ်းတာလေ။ ဖမ်းပြီးတော့ သီပေါကို ပို့ပြီး ချုပ်ထားတယ်။ ဒီနေ့အထိဘဲ ။ မကြာခဏ ရိုက်စစ်ဆေးနေတုန်းဘဲ။ အဖမ်းခံရတဲ့သူထဲမှာ စိုင်းဆိုင်မိန်း ဆို သူရဲ့ မိန်းမက ကိုယ်ဝန်ရင့်နေပြီး။ မွေးတော့မယ်။ အခု သူအဲဒီအခက်အခဲကြံုနေရတယ်။ အမြန်ဆုံးလွတ်ပေး စေချင်တယ်လေ။ အပစ်ရပ် ထားပြီးပြီဘဲ။ လုံးယွက်စစ်တောင်မှ နေပြည်တော်အထိ သွားလည်လာပြီ။ တပ်သားတွေကို ဘာလို့ဆက်ဖမ်းနေသေးလဲ။ နားကိုမလည်ဘူး။ လွှတ်ပေးစေချင်တယ်” ဟု အဖမ်းခံရသူနှင့် ဆွေမျိုး တော်စပ်သူတဦးက ပြောသည်။

သို့သော် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်ဘက်ကမူ ငြိမ်းချမ်းစွာဖြေရှင်းသည့် နည်းလမ်း ကိုသာ သုံးမည်ဟု ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးလောင်ဝ်ဆိုင်က ပြောဆိုပါသည်။

“ ကျနော်တို့က ငြိမ်းချမ်းစွာဖြေရှင်းချင်တယ်။ ဒါကြောင့် သက်သေအချက်အလက်တွေ ရရှိပြီဆိုရင် စစ်ဘက်နဲ့ဆိုင်ရင် ကာကွယ်ရေး ဘက်ကအကြီးအကဲနဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးမယ်။ ကျနော်တို့ တပ်ထု တပ်သားတွေကို ရဲဘော်တွေကို အရေးမထားလို့ မဟုတ်ပါဘူး။ တဆင့်ပြီးတဆင့်သွားနေရလို့ပါ” ဟု ပြောဆိုပါသည်။

သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင် ၃ ဦး (တာတေအုပ်စု ဒေသခံများ)  စိုင်းဆိုင်မိန်း၊ စိုင်းတိုင်းနှင့် စိုင်းတိတို့  သီပေါမြို့မှ တာတေ ဘက် အပြန် ခမရ ၅၀၄ တပ်ရှေ့ဖြတ်သန်းစဉ် မြန်မာစစ်တပ်မှ  ခေါ်ယူ စစ်ဆေးရာ MP 4 အတွင်း သျှမ်းပြည်တပ်မတော်၏ ပျောက်ကျားဝတ်စုံဝတ်ထားသော ၎င်းတို့၏ဓါတ်ပုံများကို ရှာဖွေတွေ့ရှိခဲ့ရာမှ ဖမ်းဆီးရိုက်နက်က အကျဉ်းချထားခြင်းဖြစ်သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထား သည့်တပ်ဖွဲ့ ဖြစ်သည်။

Most read this week