သျှမ်းပြည် သံလွင်အရှေ့ခြမ်း ထိုင်းနယ်စပ် ပုံကျင်အခြေစိုက် အစိုးရတပ် စစ်ဗျူဟာမှူးက ၄င်းလက်အောက်ခံ နယ်မြေအတွင်း ၀ ပြည်သွေးစည်းညီညွွှတ်ရေးတပ်မတော် တပ်စခန်းကြီး စခန်းငယ်စာရင်းများ အားလုံးပေးအပ်ရန် ညွှန်ကြားထားသည်ဟု နီးစပ်သည့်သတင်းရပ်ကွက်ကပြောသည်။
“ကြာသပတေးနေ့က ပုံကျင်အခြေစိုက် ဗမာတပ်ဗျူဟာမှူးက ၀တပ်ကိုယ်စားလှယ်ကိုခေါ်ပြီး ညွှန် ကြား လိုက်တယ်။ အဓိက ကတော့ သူ့လက်အောက်ခံနယ်မြေအတွင်းရှိတဲ့ ၀ တပ်စခန်း တွေ ပေါ့။ ဘယ် တပ် စခန်းက လူသူလက်နက်အင်အားဘယ်လောက် အဲဒီ့အထိ ကို ပေးဖို့ တောင်းထားတာ။ ၀ တပ် က အေးဆေးဘဲ။ ပေးမဲ့ပုံမပေါ်ဘူး” - ဟု ၀ တပ်မှူးကြီး တဦး နှင့် နီးစပ်သူ တဦးကပြောသည်။
သျှမ်းပြည်တောင်ပိုင်း သံလွင်မြစ်ကူးတံတား တာ့ဆန်းမှ တဆင့် အစိုးရတပ်များက လက်နက် ကြီး အပါအဝင် စစ်ကား ၂၀ စီး အား တောင်ပိုင်း ၀ နယ်သို့ ဂျွန်လ ၂၇ ရက်က ထပ်မံ ပို့ဆောင် နေသည်ဟု လည်း သျှမ်းပြည်တပ်မတော် RCSS/SSA တပ်မှူး တဦးကပြောပါသည်။
“အခုက ကျနော်တို့ သျှမ်းတပ်နဲ့ အပစ်ရပ်တယ်။ ဆက်ဆံရေးအထူးကောင်းမွန်နေတယ်။ ကျနော်တို ့ဥက္ကဌ ကလဲ သမ္မတနဲ့ဆွေးနွေးပြီးလို့ နေပြည်တော်ကနေ ပူပူနွေးနွေးလေးပဲပြန်ရောက်တယ်။ အခုအခြေအနေမှာ ၀ တပ် နဲ့ စစ်ရေး တနေ့ထက်တနေ့ ပိုတင်းမာလာနေတယ်။ ကျနော်တို့နဲ့ ၀ နဲ့က တိုက်ဖို့လဲ ဖိအား ပေးလာနိုင်တယ်။ အရင်ကလို သျှမ်းပြည်သားအချင်းချင်း တိုက်ခိုက်မှုမဖြစ်အောင်တော့ ကျနော်တို့ အထူးရှောင်ရှားရမယ်။ သတိ ၀ိရိယ ကြီးကြီးထားသွားရလိမ့်မယ်” - ဟု ဒေသအတွင်း တပ်မှူး ကြီးတဦးကပြောပါသည်။
လက်ရှိတွင်မြန်မာအစိုးရတပ်သည် ၀တပ်များအား တိုက်ခိုက်ဦးမည်မဟုတ်ကြောင်း၊ ၀တပ်များ သွားလာရေးခက်ခဲအောင်၊ ၀မ်းရေးအတွက်နေထိုင်စားသောက်မှုခက်ခဲအောင် စစ်ရေးအရ ဖိအားပေးခြိမ်းခြောက် ခြင်းသာဖြစ်ကြောင်း - အဆိုပါတပ်မှူးက ပြောသည်။
“ဗမာတပ်က မိုင်းဆတ်် - တာချီလိတ်ကြား လွယ်ဆမ်ဆုံ(မ်)မှာ ဂိတ်တခုထပ်တိုးချထားတယ်။ ၀ တပ် တွေ လက်နက်ကိုင်ဆောင် သွားလာခွင့်မပေးတော့ဘူး။ ကားပေါ်ပါ ပစ္စည်းလဲ အရမ်းစစ်ဆေးတယ်။ အရေးပါတဲ့ ၀တပ်စခန်းတချို့ကိုလဲ ဆုတ်ခိုင်းတာတွေရှိတယ်။ မိုင်းတုံမြို့တောင်ဘက် ၁၀ မိုင်ကျော် မယ့်ကဲင်း အရှေ့ဘက် မောက်စလီ မှာ ရှိတဲ့ လွယ်ကောင်းမူး ၀ တပ်စခန်းကို အစိုးရတပ် ဆုတ်ခိုင်း နေတယ်။ အဲဒီမှာ ၀ စခန်း နှစ်ခုရှိတယ်။ ဗမာတပ်က အဲဒီနား စခန်းတခု သွားချတယ်။ နှစ်ဘက်ချိန် နေတယ်” - ဟု ၀ တပ် နှင့် အစိုးရတပ်ပါနီးစပ်သည့် ဒေသအတွင်း ရပ်မိရပ်ဖ တဦး ကပြောသည်။
မိုင်းဆတ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းနယ်စပ် တလျှောက်အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ၏ တပ်မဟာ ရ၇၂ ၊ ရ၇၅ ၊ ရ၇၈ ၊ ၅၁၈ နှင့် ၂၄၈ ဟူ၍ရှိ၏။ တပ်မဟာ တခုလျှင် ပျှမ်းမျှလူသူလက်နက်အင်အား ၁,၅၀၀ ရှိပါက တောင်ပိုင်း ၀ တပ်ဖွဲ့၏ စုစုပေါင်းအင်အားမှာ ၁၅,၀၀၀ ထက်ပိုမည်မဟုတ်ဟု မြန်မာစစ်တပ်အရာရှိများက ခန့်မှန်းထားသည်ဟု ဆိုသည်။