သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နှင့် မုံးဝီးရွာအကြားရှိ လုံခြုံရေးရဲကင်းအနီးတွင် ယမန်နေ့ ၆ နာရီ ခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ၃ ဦး ထိခိုက်ဒဏ် ရာရရှိသွားကြောင်း သိရသည် ။
အဆိုပါလမ်းကြောင်းပေါ်ရှိ နမ့်တီးရွာနှင့် လွယ်လင်ကန်ရွာအကြား တောင်အတက်နေရာအနီး ရဲကင်း တစ်ခုတွင် ဗုံးပေါက် ကွဲခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရ ရဲတပ်သား ၃ ဦးကို နမ့်ခမ်းမြို့ဆေးရုံသို့ သယ်ဆောင် လာကြောင်း မျက်မြင်နမ့်ခမ်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ အဲဒီ နမ့်တီးနဲ့ လွယ်လင်ကန်ရွာနားက တောင်အတက်မှာ ရဲကင်းတစ်ခုရှိတယ်။ မူးယစ်ရဲရယ် ရဲတွေ ပေါင်းပြီးတော့ လုံခြုံ ရေးယူတာပေါ့။ ညနေ ၆ နာရီလောက်က ဗုံးကွဲတော့ ၃ ယောက်ထိသွားတယ် တစ်ယောက်က ခေါင်းမှာထိတယ်တစ်ယောက် ကတော့ ဗိုက်မှာ နောက်တစ်ယောက်က ခြေထောက်မှာ ၃ ယောက်စလုံး နမ့်ခမ်းဆေးရုံသယ်လာတယ် ခေါင်းမှာထိတဲ့ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ် ” ဟု သူက ပြောသည် ။
ဗုံးပေါက်ကွဲအပြီး တီးမားရွာ အခြေစိုက် စစ်တပ်မှ အင်အား ၂၀ ခန့်ရှိ စစ်သားများ ၄င်းနေရာသို့ ရောက်ရှိလာပြီး လုံခြုံရေး ယူထားပြီး ဗုံးလက်သည် တရားခံကိုမူ မသိရှိရသေးကြောင်း သူက ဆက်ပြောသည် ။
အဆိုပါ နမ့်ခမ်း - မုံးဝီးလမ်းသည် ဒေသခံပြည်သူ့စစ်များ ဘိန်းသယ်ရာ လမ်းကြောင်းတစ်ခုဖြစ်ကြောင်းနှင့် ဗုံးပေါက် ကွဲ သည့်နေရာတွင် ယခုအပတ်အတွင်း ၃ ကြိမ်ထက်မနည်း ဘိန်းဖမ်းမိနေပြီး လွန်ခဲ့သော ၃ ရက် ဂျွန်လ ၂၃ ရက် ပန်းဆေး ဈေးနေ့ က ဗုံးမပေါက်ကွဲခင် နောက်ဆုံးအကြိမ် ကင်းစောင့်ရဲများမှာ ဘိန်းဖြူ ယာဘများ ဖမ်းဆီးရမိခဲ့သည်။
ဘိန်းနှင့်ယာဘပိုင်ရှင်များမှာ ပန်းဆေးပြည်သူ့စစ်များသာဖြစ်နေသဖြင့် အဆိုပါရဲကင်းတွင် ရဲများအားထပ်မ စောင့်ရဲအောင် ဗုံးခွဲတိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း ဖြစ်နိုင်သည်ဟု ဒေသခံအချို့ကပြောဆိုကြပါသည်။