သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း စခန်းချထားသည့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မ တော်၏ တပ်စခန်းဆီသို့ မြန်မာစစ်တပ်က တက်တိုက်သဖြင့် ယမန်နေ့က ၂ နာရီကြာတိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း စုံစမ်း သိရှိရသည်။
“ကျေးသီးမြို့ ဟွေ့နားခီလင်းမှာတိုက်ပွဲဖြစ်တာ။၂ နာရီကြာ ပစ်ခတ်ကြတယ်။ အသေအပျောက် ဘယ်လောက်ရှိ လဲတော့ အတိ အကျမသိရဘူး။ ဝမ့်ဖွီးရွာသားတွေပြောတာတော့ ဗမာ စစ်ကြောင်း ထမ်းစင် ၁၀ ထမ်းထက်မနည်း ထမ်းလာတယ် လို့ပြောတယ်။ ဒဏ်ရာရတွေရော အလောင်းတွေရောတဲ့” ဟု ကျေးသီး မြို့ခံ စိုင်းစိုင်းက ပြောသည်။
ကျေးသီးမြို့နယ် အနောက်မြောက်ဘက် ရ မိုင်အကွာရှိ ဝမ့်ဖွီးရွာ အနောက်ဘက် ဟွေ့နားခီလင်း ယာတောအနီး လွယ်ကုတ် တောင်ခြေတွင် ချထားသော သျှမ်းပြည်တိုးတက်ရေးပါတီ၏တပ်စခန်းအား နမ့်လန် ခမရ ၅၀၆ က တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
ဂျွန်လ ၂၀ ရက် နေ့လည် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီခွဲအထိ ပစ်ခတ်မှု ဖြစ်ပွါးခဲ့ရပြီး အသေအပျောက် စာရင်းတော့ မသိရ သေးကြောင်း SSPP/SSA ၏ ဝမ့်ဟိုင်း ဌာနချုပ်နေ အရာရှိတဦးကပြောသည်။
“ နောက်ဆုံးတော့ တက်လာတဲ့ မြန်မာစစ်ကြောင်း ပြန်ဆုတ်သွားရတာဘဲ။ ဗမာစစ်တပ်က သဘောတူညီချက် ဆိုတာကိုလဲ အလေးမထားဘူး။ မလေးစားဘူး။ ကျနော်တို့ ဒီစခန်းကို အခြေစိုက်လာတာ ဟိုး ၂၀၁၁ ကတည်းကလေ။ ခုလို မြန်မာ စစ် တပ်က လာပြီးချောင်းပစ်တာတော့ မလုပ်သင့်ဘူး။ ဒါ အစိုးရနဲ့ ကျနော်တို့ နှစ်ဦးနှစ်ဘက် အကြိမ်ကြိမ် သဘောတူထားတဲ့ အချက်ကို ချိုးဖောက်တာဘဲ။ နှစ်ဦးနှစ်ဘက်ကြား တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေကို မြန်မာစစ်တပ်က ဖျက်ဆီးလိုက် တာဘဲ” ဟု ဝမ့်ဟိုင်းမှအရာရှိက ဆက်လက်ပြောပြသည်။
မေလ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲက သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ်၌ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSAမှ ဘက်မှ ဗိုလ်ချုပ် ခေးတိုင်း၊ဒုဗိုလ်မှူးကြီး ကျော်လှ၊ ဗိုလ်မှူး ခေးမောဝ်တို့ဦးဆောင်သော အဖွဲ့ နှင့် ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နှစ်ဘက်သဘောတူညီချက် ၄ ချက် ထပ်မံရရှိခဲ့သည်။
၁- ယခင်ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ သဘောတူညီချက်များအား နှစ်ဘက်လုံး မှ အလေးအနက်ထား လိုက်နာဆောင်ရွက်မည်။
၂-တပ်မတော်နှင့် SSPP/SSA တပ်ဖွဲ့များ၏ တပ်ဖြန့်ခွဲမှု၊ တပ်လှုပ်ရှားမှုများနှင့် ပတ်သက်၍ တပ်ပိုင်းဆိုင်ရာ နှစ်ဘက်တာဝန်ရှိသူများမှ ငြိမ်းချမ်းစွာ အတူတကွညှိနှိုင်းဖြေရှင်းရန်။
၃-ပြည်သူလူထုအပေါ် ဥပဒေမဲ့လုပ်ရပ်များဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေမှုများကိုရှောင်ရှားရန်။
၄-တဖက်နှင့်တဖက် သံသယဖြစ်ဖွယ်ရာ ကိစ္စရပ်များနှင့် ပြဿနာဖြစ်ဖွယ်ရာကိစ္စရပ်များ ပေါ်ပေါက်လာပါက နှစ်ဘက်ကိုယ်စားလှယ်များ အမြန်ဆုံးတွေ့ဆုံ၍ ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဖြေရှင်းရန်- စသည်တို့ဖြစ်ပါသည်။