မြန်မာနိုင်ငံ စီးပွားကူးသန်း ၀န်ကြီးဋ္ဌာနက နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များထံမှ ကြိုတင်အမြတ်ခွန်ငွေ ကောက်ခံ နေသော်လည်း Oversea ကုန်သည်များအပေါ် ကင်းလွတ်ခွင့်ပြုထားရာ နယ်စပ်နှင့် Oversea ကုန်သည်များ အကြား အခွန်ကောက်ခံရာတွင် တန်းတူမှု မရှိကြောင်း သိရသည် ။
ယခုလဆန်းပိုင်းက စ၍ ကြိုတင်အမြတ်ခွန်ငွေအဖြစ် ကုန်သွယ်ခွန်၏ ၂ ရာခိုင်နှုန်းကို နယ်စပ်ကုန်သွယ်ရေး စခန်း အသီး သီးတွင် ကောက်ခံနေရာ Oversea သမားများနှင့် နှိုင်းယှဉ်ပါက အခွန် တစ်ဒေါ်လာပေးဆောင်တိုင်း နယ်စပ်ကုန်သည်များ က ကျပ်ငွေ ၂၀ ခန့် ဆုံးရှုံးနေကြောင်း မန္တလေးမြို့ခံ ကုန်သည်ကြီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ကြိုတင်အမြတ်ခွန်ပေါ့ နယ်စပ်စခန်းအသီးသီးမှာ ကောက်နေတယ်။ တမူးဘက်မှာတော့ ၅ လပိုင်းက စကောက်တယ်။ မြဝတီမှာ ဒီလ ၂ ရက်နေ့ မူစယ်ကျတော့ ဒီလ ရ ရက်နေ့က စကောက်တယ်။ ဘာပစ္စည်းဖြစ်ဖြစ် နယ်စပ်မှာ သွင်းနေ ထုတ်နေတဲ့ ကုန်အားလုံးအပေါ်မှာ ၂ ပါဆင့်ကောက်တာပေါ့။ အခွန်က ဒေါ်လာလဲနှုန်း လက်ရှိ ပေါက်စျေးနဲ့ ဆောင်ရတာ ဆိုတော့ တစ်ဒေါ်လာကို ၁၉ ကျပ် ကျော်ကျော်လောက် နစ်နာနေတာပေါ့ ” ဟု သူက ပြောသည် ။
Oversea လမ်းမှတဆင့် ရန်ကုန်ဆိပ်ကမ်းသို့ ၀င်ရောက်လာသည့် ကုန်များအပေါ် အဆိုပါအခွန် ကောက်ခံခြင်း မရှိသည့် အပေါ် ဆက်ပြောရာတွင် “oversea မှာကျတော့ ဒါကမရှိဘူး။ ရန်ကုန်ဆိပ် ကမ်းကနေ သွင်းကုန်၊ထုတ်ကုန်တွေ ကျတော့ ကြိုတင်အမြတ်ခွန်ဆောင် စရာမလိုဘူး။ ကုန်သွယ်ရေးက မညီမျှသလိုဖြစ်နေတယ်။ ကြိုတင်အမြတ်ခွန် ဆိုတာ ကလည်း မရောင်းရသေးတဲ့ ကုန်အပေါ်မှာ အမြတ်ခွန်ကောက်သလို ဖြစ်နေတယ်။ ဒါကြောင့် တချို့ အဆက်အသွယ် ကောင်းတဲ့ သူတွေကတော့ နယ်စပ်ကကုန်ကို နယ်စပ်စခန်းတွေမှာ အခွန်မဆောင်တော့ပဲ ရန်ကုန်မှာပဲသွားဆောင်ကြတယ် ” ဟု ဆို သည် ။
အဆိုပါ ကြိုတင်အမြတ်ခွန်ငွေအပြင် နယ်စပ်ကုန်သည်များက ဘဏ်ဆောင်ရွက်ခ ( payment order ) အဖြစ် ကာစတန် ဂျူတီခွန်၏ ၂ ရာခိုင်နှုန်းကိုပါ ထပ်မံ ပေးဆောင်ရသေးကြောင်း သိရသည် ။