သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ၏ တန့်ယန်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းထွန်းထွန်းလွင် ယနေ့ မနက် ရုတ်တရက် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ကျားဖြူပါတီ၏ တန့်ယန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းထွန်းထွန်းလွင် (ခေါ်) လုံးစိုင်းလိုင်း (အသက် ၆၈ နှစ်) သည် ယမန်နေ့က သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့်အဖွဲ့အား သွားရောက်ကြိုဆို တွေ့ဆုံဆွေးနွေး၍ ညစာအတူ စားပြီး နောက်ပိုင်း ဗိုက်နာရောဂါ ဖြစ်ပွါးကာ ကျောက်မဲဆေးရုံသို့ ပို့လိုက်ရကြောင်း၊ ကျောက်မဲဆေးရုံက ရောဂါသည်းသည်ဟုဆိုကာ လားရှိုးဆေးရုံသို့ ညတွင်းချင်းပို့လိုက်ရာ ယနေ့မနက် ၆ နာရီကျော်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ကျားဖြူပါတီဝင်များကပြောပါသည်။
သေဆုံးသူ၏ သမီးထွေးဖြစ်သော နန်းနွမ်းအူ ကမူ “ အဖေအိမ်ကထွက်လာတုန်းက ကျန်းကျန်းမာမာပါဘဲ။ အဖေ့မှာ အခံရောဂါတော့ နှလုံးပွ ရောဂါ ရှိတယ်။ ဆေးအမြဲသောက်နေရတယ်။ ဒါပေမယ့် ဆုံးတဲ့ခါကျတော့ အစာအိမ်သွေးကြော ပေါက်ရောဂါနဲ့ဆုံးတယ်။ ဗိုက်မနာခင်တုန်းက မနေ့က နေ့လည်ပိုင်းက ခေါင်းကိုက်တယ်လို့ ညည်းတယ်လို့ အဖေ့လုပ်ဖော် ကိုင် ဖက်တွေကပြောတာ။ စိတ်မကောင်းပါဘူး။ အဖေက မိသားစုအပေါ်မှာသာမက ဆွေမျိုးတွေကိုရော ရပ်ထဲရွာထဲက လူကိုရော တန့်ယန်းမြို့ကလူတွေအပေါ် စေတနာရှိတယ်။ ချစ်ခင်တယ်။ အဖေ့အလောင်းကို ဒီနေ့ နေ့ခင်း ၁ နာရီမှာ လားရှိုးသုဿာန်မှာဘဲ မီးသဂြိုလ်လိုက်တာပါ” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။
ကျားဖြူပါတီ ၏ တန့်ယန်းမြို့နယ် ဥက္ကဌလည်း ဖြစ်သော ဦးစိုင်းထွန်းထွန်းလွင် ရုတ်တရက်ကွယ်လွန်သွား မှုကြောင့် အထူး ပင်ဝမ်းနည်းကြေကွဲဖြစ်ရကြောင်း လားရှိုးမြို့ SNLD ပါတီပြောခွင့်ရ စိုင်းလူက ပြောသည်။
“ရုတ်တရက်ကြီး သေဆုံးတာကြောင့် မနက်တုန်းကတော့ ရဲတွေ စရဖနဲ့ အက်စ်ဘီတွေ ဆေးရုံကိုရောက် လာပြီး ဆရာဝန် တွေ က ရင်ခွဲစစ်ဆေးကြတယ်။ အဖြေကတော့ အစာအိမ်သွေးကြောပေါက်လို့ပြောတယ်။ ဆရာဝန်တွေရဲ့ဆေးစစ်ချက် မှန်ကန် တယ်လို့ယုံကြည်ပါတယ်။ လုံးစိုင်းလိုင်း ကွယ်လွန်သွားတာကြောင့် သျှမ်းအမျိုးသားရေးလုပ်ငန်းမှာ ဆုံးရှုံးမှုကြီး တရပ်လို့ မြင်ပါတယ်။ မိသားစုနဲ့ထပ်တူထပ်မျှ ကြေကွဲရပါတယ်” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။
ကွယ်လွန်သူ စိုင်းထွန်းထွန်းလွင် ခေါ် စိုင်းလိုင်း (အသက် ၆၈ နှစ်) သည် နဝမ တန်းအထိ ပညာသင်ယူခဲ့ရပြီး ငယ်စဉ်က တန့်ယန်းမြို့ အထက်တန်း အလယ်တန်း မူလတန်းပြ ကျောင်းဆရာ ဖြစ်ခဲ့ဖူးသည်။ ထိုနောက်ပိုင်း ပြည်သူပိုင်ရုပ်ရှင်ရုံ စာရေးလည်း လုပ်ခဲ့ဖူးသည်။ မိသားစုလုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်ကြောင်း သိရသည်။ တောင်သူလယ်သမား ကောင်စီ အမှုဆောင်နှင့် သမဝါယမအသင်း၊ ပြည်သူ့ကောင်စီတို့တွင်လည်း ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၁၉၉၀ တွင် တစည ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ပြီး ၂၀၁၀ တွင်မူ ကျားဖြူပါတီ တန့်ယန်းမြို့နယ် ဥက္ကဌမှပြည်နယ်လွှတ် တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ လက်ရှိတွင်မူ တန့်ယန်းမြို့နယ်၌ ဇနီး နန်းကြာကူးနှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့ပါသည်။