မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လက်တွေ့အကောင်အထည်ဖော်နိုင်ရန် သျှမ်းပြည်တောင်ပိုင်းအတွင်း ဘိန်းစိုက်တောင်သူ မိသားစု တစ်သိန်းကျော်အတွက် ဘိန်းအစားထိုးသီးနှံကူညီပေးရေးကို ၃ ဘက် ၃ တန် လက်တွဲပူးပေါင်းရန်လိုအပ်ကြောင်း ရန်ကုန် မြို့၌ RCSS/SSA နှင့် UNODC တွေ့ဆုံဆွေးနွေးစဉ် က ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း RCSS က ပြောပါသည်။
“သျှမ်းပြည်တောင်ပိုင်းမှာဘဲ ဘိန်းစိုက်တောင်သူ မိသားစု သိန်းဂဏန်း ရှိတယ်။ သူတို့တွေက ရူးမိုက်လို့ ဘိန်းစိုက်တာ မဟုတ်ဘူး။ ဝမ်းရေးအခက်အခဲဖြစ်လို့ စိုက်တာပါ။ သူတို့ကို ဘိန်းတွေမစိုက်ပျိုးဖို့ ပြောရင် သူတို့စားဝတ်နေရေးအတွက် ဘိန်းအစားထိုး လုပ်ပေးရမယ်။ ဘတ်ဂျတ်များ၊ အဘက်ဘက် ဝိုင်းဝန်းကူညီမှ ရမယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင် က ပြောပါသည်။
သျှမ်းပြည်တောင်ပိုင်း မိုးနဲ၊ လင်းခေး၊ မိုင်းပန် မြို့နယ် အတွင်း ဘိန်းစိုက်တောင်သူများအတွက် ဦးစားပေးလုပ်ဆောင် သွားမည်ဟုဆိုသည်။
“ကျနော်တို့ ပြီးခဲ့တဲ့ အောက်တိုဘာလ တာချီလိတ်ဆွေးနွေးပွဲတုန်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နဲ့ပတ်သက်တဲ့သဘော တူညီချက်တွေ အခုချိန်အထိ လက်တွေ့အကောင်အထည် မဖော်နိုင်သေး တာဟာ ၃ ဘက် ၃ တန်လက်တွဲပူးပေါင်းမှုမရှိလို့ဘဲဖြစ်တယ်။ အစိုးရကော အစိုးရစစ်တပ်ဘက်ကကော သျှမ်းပြည်တပ် မတော်ဘက်ကကောလက်တွဲပြီးလုပ်နိုင်မှ အောင်မြင်မယ် လို့ပြောသွားပါတယ်။ ဒီကိစ္စသမ္မတနဲ့တွေ့တုန်းက လည်း ကျနော်တို့ ဆွေးနွေးပြီးပါပြီ။ သမ္မတကတော့ ကျနော်တို့ နဲ့ UNODC လက်တွဲပြီးလုပ်ဆောင်သွားဖို့ ပြောပါတယ်” ဟု RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဝ်ဆိုင် က သျှမ်းသံတော်ဆင့်အားပြောပြသည်။
(ဓါတ်ပုံ- unodc.org)
လက်တွဲပူးပေါင်းရန်အတွက်မူ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့က “အကောင် အထည် ဖော်ရန် အထက်အမိန့်မကျလာသေးသဖြင့်” ဟုသာ သျှမ်းပြည်တပ်မတော်ထံသို့အကြောင်းပြန်ထား ကြောင်း ဗိုလ်မှူးလောင်ဝ်ဆိုင် ကပြောပါသည်။
အဆိုပါသတ်မှတ်ထားသည့် နေရာများတွင် မူးယစ်ဆေးတိုက်ဖျက်ရေး လက်တွေ့အကောင်အထည်ဖော်နိုင် ရန် အစိုးရ သို့မဟုတ် UNODC တို့ထံမှ ထောက်ပံ့ငွေများလိုအပ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်ဒေသခံများ အားဘိန်းအစားထိုးသီး နှံချပေးရန်လိုအပ်ကြောင်း ဗိုလ်မှူးလောင်ဝ်ဆိုင်ကပြောပါသည်။
“အစိုးရဘက်ကလည်း အကြိမ်ကြိမ်လုပ်ကြည့်ဖူးပါတယ်။ ဘိန်းခင်းတွေကို အကြမ်းပတမ်းနည်းနဲ့ ဝင်ဖျက်တာတော့ မကောင်းဘူးလေ။ ဘိန်းအစားထိုးသီးနှံမချပေးရင် ဒေသခံလူထု စားဝတ်နေရေး အတွက် အခက်အခဲ ရင်ဆိုင်ရတာကို ကြုံတွေ့ဖူးပြီးပါပြီ။ ဒါကြောင့် ဒီဆွေးနွေးပွဲမှာ UNODC က ကျနော်တို့ကို ဖွံ့ဖြိုးရေးစီမံကိန်းအရင်ချပေးပြီးမှ မူးယစ်ဆေး တိုက်ဖျက်ရေးလုပ် ရင်ပိုကောင်းမယ်။ ဒါကြောင့် ၃ ဘက် ၃ တန်လက်တွဲလုပ်သွားဖို့ ကျနော်တို့ကိုတိုက်တွန်း ခဲ့ပါတယ်” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။
ရန်ကုန်မြို့ UNODC ရုံး၌ ယမန်နေ့ ဂျွန်လ ၁၃ ရက် မနက် ၉ နာရီက ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဗိုလ်မှူးချုပ်စိုင်းလူး၊ ဗိုလ်မှူး ချုပ်ပေါင်ခေးနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဦးခွန်စိုင်း၊ ဦးပင်ခမ်းတို့ အဖွဲ့နှင့် မစ္စတာဂျေဆန်အီလိုင်တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
သျှမ်းပြည်တောင်ပိုင်း ရွေးချယ်ထားသည့် မြို့နယ်တချို့ (လင်းခေး၊ မိုင်းပန်) တို့၌ မူးယစ်ဆေးဝါးတိုက် ဖျက်ရေး၊ အစား ထိုးသီးနှံချပေးရေးအတွက် လက်တွေ့လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြသည်ဟု ဆိုပါသည်။
ထိုတွေ့ဆုံဆွေးနွေးမှုအပြီး သတင်းသမားများအား သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ပေးခဲ့သည်ဟုလည်း သိရသည်။