သံလွင်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်ထဲသို့ တိုးဖြည့်လာသော စစ်တပ်အင်အား ပြန်ဆုတ်ခွါ ခြင်း မရှိဘဲ ထို့ထက်ပိုပြီး တင်းမာလာသောကြောင့် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံလူထုက သျှမ်းသံတော်ဆင့်အားပြောပြသည်။
“ တာချီလိတ်ကနေ မိုင်းတူးမ် မိုင်းကန်းဘက် ဆင်းလာတဲ့ သံချပ်ကာကား ၁၄ စီး လူအင်အားအပြည့် တင်ဆောင်တဲ့ စစ် ကားကြီး ၁၀ စီး အခု လွယ်ဆာမ်ဆူမ်(တောင်) ဘက်ရောက်နေတယ်။ ဘယ်ဘက် ဆက်သွားမလဲ မသိဘူး။ ပုံဖာပုံတောင်းနဲ့ လွယ်ခစ်ရွာဘက်ရောက်နေတဲ့ မြန်မာစစ်တပ်ကလဲ တပ်ပြန် မဆုတ်သေးဘူး။ အခုလို မြန်မာစစ်တပ်ဘက်ကလဲ မလျှော့ ဘူး၊ ၀ တပ်ဖွဲ့ဘက်ကလဲ ဆွေးနွေးမှု မပြုဘူး၊ ဆက်လက်တင်းမာသွားမယ်ဆိုရင်တော့ အခြေအနေက တိုက်ပွဲဖြစ်လာမှာဘဲ စိုးရိမ်ရတယ်” ဟု မိုင်းတုံမြို့နယ်အတွင်းနေထိုင်သည့် အဆိုပါ အရာရှိကပြောသည်။
ဂျွန်လ ရ ရက် နောက်ဆုံးထား၍ တောင်ပိုင်း ဝ တပ်ဖွဲ့များ မြောက်ပိုင်းတို့ တပ်ရုပ်ပြန်ရန် အစိုးရတပ် က ရာဇသံပေးထား သော်လည်း ဝ တပ်ဖွဲ့ဘက်က တပ်မဆုတ်ပေးသဖြင့် ထိုသို့ မြန်မာစစ်တပ်မှ စစ်ရေးပြင်ဆင်အားဖြည့်လာခြင်းဖြစ်နိုင် ကြောင်း ဒေသအတွင်း သတင်းရပ်ကွက်က ဆိုသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်ထားသော ဝ တပ်ဖွဲ့သည် တောင်ပိုင်း ထိုင်းနယ်စပ် နှင့် မြောက်ပိုင်း (ပန်ဆန်း ၀ ဌာနချုပ်) ဝ နယ်ဟူ၍ နယ်မြေ နှစ်ပိုင်းအား ထိန်းချုပ်သည်။
ထိုနယ်များအားစုစည်း၍ သျှမ်းပြည်နယ်မှ ခွဲထွက်ပြီး နေပြည်တော်လက်အောက်ခံ သီးသန့်ဝပြည်နယ်တည် ထောင်ခွင့်ပြုရန် တောင်းဆိုလာ၏။ ထို့အတူ နယ်စပ်မူးယစ်ဖြတ်ကျော်မှု၌ ဝ နာမည်ပျက်သည်ဟုဆိုကာ တားဆီနိုင်ရေးအတွက် သင်္ကြန်ကာလနှောင်းပိုင်းမှစ၍ ၎င်းထိန်းချုပ်နယ်စပ်တလျှောက် ၌ မိုင်းထောင်လာခဲ့သည်။ ထို ချိန်မှစ၍ ပြဿနာစတင်လာသည်ဟု သုံးသပ်သူများက ပြောပါသည်။