နမ္မတူမြို့နယ်ဘက်လှုပ်ရှားသည့် အစိုးရစစ်ကြောင်းတခု ရွာသားတဦးအားပစ်သတ်

နမ္မတူမြို့နယ်ဘက်လှုပ်ရှားသည့် အစိုးရစစ်ကြောင်းတခု ရွာသားတဦးအားပစ်သတ်
by -
သျှမ်းသံတော်ဆင့်

ယခုလ ပထမပတ်က အစိုးရ စစ်ကြောင်းနှင့်တိုးမိသော နမ္မတူမြို့နယ် ဝိန်းနန်းအုပ်စု ပန်ခမ်းရွာသား ၂   ဦး (မေးမြန်းစစ်ဆေးခြင်းမပြုဘဲ) တဦးအား ပစ်သတ်ကာ ကျန်တဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်း သတင်း ရပ်ကွက်ကဆိုပါသည်။

“ ပန်ခမ်းရွာက အိုက်ကောင်းနဲ့ အိုက်တောင်း တို့ ၂ ယောက် ရော်ဘာခြံမှာ ညအိပ်ပြီး ရွာအပြန်လမ်းမှာ ၅၀၁ စစ်ကြောင်းနဲ့ တိုးမိပြီး ပစ်သတ်ခံရတာ။ အိုက်တောင်းကိုတော့ ဖမ်းသွားတယ်။ အိုက်ကောင်းတယောက် ပွဲ ချင်းပြီးသေတယ်။ နောင်ကောက်လုတ်နဲ့ ပန်ခမ်းရွာကြား ပန်ခမ်းရွာနဲ့တဖာလုံလောက်အကွာမှာ ဖြစ်တယ်” ဟု ဝိန်းနန်းအုပ်စုဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ဂျွန်လ ၅ ရက်နေ့ နေ့ခင်းမွန်းတည့်ချိန်ကဖြစ်ပြီး တပ်ရင်းမှူး ဗိုလ်မှူး အောင်သန်းမိုး ဦးဆောင်သော ခမရ ၅၀၁ မှ  စစ်ကြောင်းတကြောင်းနှင့် ပက်ပင်းတိုးရာမှ ထိုသို့ပစ်သတ်ခံရခြင်းဖြစ် သည်ဟုဆိုပါသည်။

အိုက်တောင်းကိုမူ ၎င်းတို့နှင့်အတူ သိန္နီမြို့နယ် မိုင်းပါးဖက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဝိန်းနန်း အုပ်စုသား စိုင်းလုံကပြောသည်။

“အစိုးရတပ်က မမေးမမြန်းဘဲ လူထုကို ပစ်သတ်တာ အခုထက်ထိရှိနေပါသေးတယ်။ အိုက်ကောင်းရဲ့ အလောင်းကို ပိန်းနင်ရွာအထက် ဖက်မှာ ဗမာစစ်ကြောင်းက သွားမြှုပ်ထားတာ။ ရ ရက်နေ့တုန်းက ရွာကလူတွေ လယ်ကွင်းနားမှာ မြေပုံအသစ်တွေ့လို့သွားတူးကြည့်တော့ အိုက်ကောင်းဖြစ်နေတယ်။ အဲဒီတရက်ထဲမှာဘဲ အဲဒီလမ်းမှာဘဲ ကောင်းဆန်းရွာသား အိုက်လင်း နဲ့တွေ့တော့လဲ မြန်မာစစ်တပ် ကဖမ်းဆီးစစ်ဆေး ရိုက်နှက်တယ်။ ညှို့သကျည်းနဲ့ မျက်နှာတွေမှာ ဒဏ်ရာတွေဖြစ်သွားတယ်။ နောက် သူ့အိပ်ကပ်ထဲမှာ ပါလာ တဲ့ငွေ လေးထောင်ကိုလည်း အစိုးရစစ်ကြောင်းက ယူသွားတယ်လို့သူပြန်လာ ပြောပြတာ” ပိန်းနင်ရွာသား အိုက်ခမ်းကလည်းပြောပြသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့် ရ ဗိုလ်မှူးစိုင်းလ ကမူ အစိုးရတပ် ဗိုလ်မှူးကိုကိုလတ်  ဆိုသူ ဦး ဆောင် သည့် ခမရ ၅၀၁ မှ စစ်ကြောင်းက ၎င်းတို့၏ လူထုဆက်ဆံရေးတာဝန်ခံ စိုင်းကောင်း နှင့် စိုင်းဆန်ပေါင်း အား ရိုက်နှက်ကာ ၅ ရက်နေမှစ၍ သိန္နီဘက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယနေ့တိုင် ပြန်လွှတ်ပေးခြင်းမရှိ သောကြောင့် လားရှိုးတိုင်းမှူးထံ တိုင်ကြားထားသည်ဟု ဆိုသည်။

Most read this week