သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ရင်းတခု ယာယီ အခြေချရာ တပ်စခန်းအား အစိုးရတပ်က တက်တိုက်သောကြောင့် ယမန်နေ့က နှစ်ဘက်တိုက်ပွဲ အပြင်း အထန်ဖြစ်ပွားခဲ့သည်။
“အစိုးရတပ်က လောက်ကိုင်ဘက်ကော၊ ဒီလားရှိုး ခလရ ၆၈၊ ခလရ ၄၁၊ နောက် အခြားတပ်တွေကော ပါတယ်။ အင်အား နှစ်ရာလောက် ရှိတယ်။ ကျနော်တို့ရွာဘက်ကနေ လွယ်ပက် ဘက်ကို တက်သွားတာ နာရီပိုင်းလောက်ပဲ ရှိသေးတယ် သေနတ်သံကြားရတော့တာဘဲ” - ဟု လားရှိုးမြို့ ဟိုပိတ်ကျေးရွာအုပ်စုဝင် ရွာသား တဦးက ပြောပါသည်။
လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအုပ်စု အနောက်မြောက်ဘက် လွယ်ပက်တောင်ကြောပေါ်ရှိ သျှမ်းပြည် တပ်မတော် တပ်ရင်းအမှတ် ၈၅၁ အား အစိုးရစစ်ကြောင်း စုပေါင်းအင်အား ၂၀၀ ကျော်က သွားရောက် တိုက်ခိုက်ရာမှာ နံနက် ၈ နာရီမှ ၁၁ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် သျှမ်းပြည် တပ်မတော်ဘက် ၃ ဦး ဒဏ်ရာရရှိသည်ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က ပြောသည်။
“အခုကျနော်တို့လားရှိုးရုံးတာဝန်ခံက လားရှိုးတိုင်းမှူးကို သွားတွေ့နေတယ်။ သူတို့ပြောတာကတော့ ကျနော် တို့ ဘက် စ ပစ်တယ်တဲ့။ အမှန်တော့ ကျနော်တို့ ရှိရာကို သူတို့က သတင်းအတိအကျယူပြီး တမင်သက်သက် တက်တိုက်တာ။ အစိုးရတပ်ဘက်က သဘောတူညီချက်ကို လုံးဝ အလေးမထားလို့ ကျနော်တို့လဲ စစ်ရေးအသင့်အနေအထား အမြဲရှိနေရတယ်”- ဟု ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်သို့ ဆက်၍ ပြောပါသည်။
တိုက်ပွဲကြောင့် အစိုးရတပ်ဘက်လည်း အကျအဆုံးများသည်ဟုကြားသိရသော်လည်း သျှမ်းသံတော်ဆင့်မှ အတည်ပြုချက်မရသေးပေ။
ဂျွန် ၅ ရက်နေ့ ကလည်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင် ကျေးရွာအုပ်စု၊ ဝမ့်ပန်ခမ်းရွာ နေထိုင်သည့် သျှမ်းပြည်တပ်မတော်၏ လူထုဆက်ဆံရေးတာဝန်ခံ စိုင်းကောင်း နှင့် စိုင်းဆန်ပေါင်း အား အစိုးရတပ် ခမရ ၅၀၁ က (ဂျွန် ၅ ရက် မွန်းတည့် ချိန်ကတည်းက - ယနေ့အထိ) ဖမ်းဆီး ခေါ်ဆောင် ရိုက်နှက်ရာ ယနေ့တိုင် ပြန်မလွှတ်ပေးသေးကြောင်း၊ သတင်းလည်းမကြားရသဖြင့် အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးအား ပြန်လွှတ်ပေးရန် လားရှိုးတိုင်းမှူးထံ တင်ပြထားကြောင်း SSPP က ဆိုသည်။
ထို့အတူ သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA အခြေချရာ လွယ်ချယ် စခန်းကိုလည်း အစိုးရတပ် စကခ ၂ လက်အောက်ခံ ခမရ ၅၁၅ က ၆၀ မမ ဖြင့် ယမန်နေ့ နံနက် ၉ နာရီ ကျော်မှ မွန်းတည့်ချိန်အထိ မကြာမကြာ ပစ်ခတ်ခဲ့ကြောင်း သျှမ်းတပ်စခန်းအား ထိမှန်ခြင်းမရှိသည့် အတွက် တုန့်ပြန်တိုက်ခိုက်ခြင်းမရှိကြောင်း ဒေသအတွင်းကွပ်ကဲသည့် တပ်မှူးတဦးက ပြောပါသည်။
ယခုနှစ် မေလ ၁၁ ရက် က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဉက္ကဌ ဦးသိန်းဇော်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယ ဉက္ကဌ ဗိုလ်ချုပ်ခေးတိုင်းတို့ တန့်ယန်းမြို့၌ တွေ့ဆုံရာ သဘောတူညီခဲ့သည့် သဘောတူညီချက်များအား နှစ်ဘက်လိုက်နာမည်၊ ပြဿနာအား စစ်ရေး နည်းဖြင့်မဖြေရှင်းဘဲ ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဖြေရှင်းရန် စသည့်အချက်များ ပါဝင် သည့် သဘောတူညီချက်များကို နှစ်ဦးနှစ်ဘက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။