RCSS ဝတ်စုံဖြင့် အစိုးရတပ်မှ သျှမ်း/မြောက်ရှိလက်နက်ကိုင်တပ်ဖွဲ့များအားတိုက် ခိုက်နေ

RCSS ဝတ်စုံဖြင့် အစိုးရတပ်မှ သျှမ်း/မြောက်ရှိလက်နက်ကိုင်တပ်ဖွဲ့များအားတိုက် ခိုက်နေ
by -
သျှမ်းသံတော်ဆင့်

မြန်မာအစိုးရစစ်တပ်သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ ဝတ်စုံဝတ်ဆင်ကာ သျှမ်းပြည်မြောက်ပိုင်း ရှိ လက်နက်ကိုင်တပ်ဖွဲ့များအား တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

RCSSသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်

“အစိုးရစစ်ကြောင်းက လူသူလက်နက်အင်အား သုံးရာကျော်မယ်။  ကျနော်တို့ သျှမ်းပြည်တပ်မတော် ဝတ်စုံ အရင်က ဘက်က ကျားခေါင်းတံဆိပ်၊ အခုက ကျား ခုန်ပျံနေတဲ့ ဘက်တံဆိပ်။ အခု ဒီတပ်ဖွဲ့မှာ နှစ်ခု စလုံး ၀တ်တယ်။ ပြည်သူ့စစ်ပြောင်းသွား တဲ့ သျှမ်း/မြောက်တပ်မတော်ဆီက တောင်းယူလာတယ်ထင်တယ်” - ဟု  အမှတ် ရ၀၁ စစ်ဒေသမှူး ဒုဗိုလ်မှူးကြီးစွမ်မိဏ်းက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့နယ် မုံးဝီးအုပ်စုတွင် ယမန်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A) နှင့် အခြားပူးပေါင်းတပ်ဖွဲ့တို့က မြန်မာစစ်ကြောင်းအား ပူးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သည့် မုံးဝီးဒေသခံအမျိုးသားတဦးကပြောသည်။

“သျှမ်းပြည်တပ်မတော်ဝတ်စုံဝတ်ထားတဲ့ စကခ ၁၆ လက်အောက်ခံ ခမရ ၃၆၇ မန်တုံကအင်အား ၃၀၀ လောက်  TNLA တအာင်းတပ်မတော်ကို တိုက်ခိုက်တာ။ သူတို့က မုံးဝီးမတိုင်ခင်အထိ ကားစီးလာ ကြတယ်။ မနေ့က ညနေပိုင်းမှာ ခြုံခို တိုက်ခိုက်ခံရတာ။ စစ်ကြောင်း ၂ ကြောင်းနဲ့တက် လာတော့ အဲဒီဒေသအတွင်း လှုပ်ရှားနေတဲ့ တိုင်းရင်းသားအဖွဲ့တွေကို တိုက်ဖို့ထင်တယ်” ဟု အဆိုပါ မုံးဝီးဒေသခံက ပြောပြသည်။

ဒုတိယ စစ်ကြောင်းသည်   ခလရ ၁၃၀ နှင့် ခမရ ၅၀၃ တပ်ဖွဲ့ဝင်များဖြစ် ကြပြီး  တအာင်းတပ် နှင့် ကချင်တပ်ကို ညှပ်တိုက်ဖို့ ဖြစ်နိုင်သည်ဟု ပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ အမှတ် ရ၀၁ စစ်ဒေသမှူး ဒု-ဗိုလ်မှူးကြီး စွမ်မိဏ်း ကလည်း မြန်မာစစ်တပ်သည် RCSS/SSA ဝတ်စုံဝတ်ဆင်၍ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း မုံးဝီး မန်တုံ တို့ဘက်တွင် ဒေသခံလူထုအား ဖမ်းဆီးခြိမ်းခြောက်ခြင်း၊ ပိုက်ဆံတောင်းယူခြင်း ရှိနေကြောင်းသျှမ်းသံတော်ဆင့် အား ပြောပြသည်။

“ အစိုးရစစ်တပ် အခုလုပ်နေတဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်ပါ။ မရပ်ဘူးဆိုရင်တော့ ထိရောက်စွာ ပြန်လည်တုံ့ပြန် သွားမယ်။ ကျနော်တို့ နောင်မတာကနေခွါတာနဲ့ ကျနော့်တပ်တွေကို ကျနော်ပြောထားတယ်။ စစ်ဝတ်စုံမဝတ်ရ ဘူးလို့။ အခုကျနော်တို့ ဝတ်စုံကို မြန်မာစစ်တပ်ကဝတ်လာတယ်။ လူ့အခွင့်အရေးချိုးဖောက်နေတယ်။ မိဘပြည် သူများ မြန်မာစစ်တပ်ကိုမယုံမိဖို့  သတိပေးလိုက်ပါရစေ။ ကျနော်တို့တပ်ကလား အစိုးရတပ်ကလားဆိုတာကြည့်ရုံ နဲ့ခွဲခြားသိနိုင်ပါတယ်” ဟု ဒု-ဗိုလ်မှူးကြီး စွမ်မိဏ်းက ပြောသည်။

အစိုးရ တပ်ဖွဲ့များသည် TNLA ကို အပြင်းအထန် တိုက်ခိုက် နေသဖြင့် နယ်မြေခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း ဒေသခံများက ဆိုပါသည်။ သျှမ်းပြည်မြောက်ပိုင်းတွင် KIA, TNLA, RCSS အစရှိ လက်နက်ကိုင် တိုင်းရင်း သားတပ်ဖွဲ့များ လှုပ်ရှားနေပါသည်။