တိုင်းရင်းသားလက်နက်ကိုင် ပြဿနာသည် အစိုးရအဆက်ဆက် သွေးခွဲမှုကြောင့်ဖြစ်ဟု စစ်ရေးလေ့လာသူပြော

တိုင်းရင်းသားလက်နက်ကိုင် ပြဿနာသည် အစိုးရအဆက်ဆက် သွေးခွဲမှုကြောင့်ဖြစ်ဟု စစ်ရေးလေ့လာသူပြော
by -
သျှမ်းသံတော်ဆင့်

မြန်မာအစိုးရအဆက်ဆက်သည် တိုင်းရင်းသားလူမျိုးစုငယ်များအပေါ် သပ်လျိုသွေးခွဲကာအပေါ်စီးမှချုပ်ကိုင် အုပ်ချုပ် ခဲ့သလိုလက်ရှိ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း အဆိုပါနည်းလမ်းဟောင်းအတိုင်း ဆက်လက်ကျင့်သုံး ဆဲ ဖြစ်ကြောင်း တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။

မြန်မာ့ စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော

ယခုလ ၁၀ ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် UWSA အဖွဲ့တို့ ပန် ဆန်းမြို့၌ တွေ့ဆုံခဲ့စဉ် UWSA က ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ပြည်နယ်အဆင့်သို့ တိုးမြှင့်တောင်းဆိုလိုက် သည့် အ ပေါ် သျှမ်းသံတော်ဆင့်မှ ဦးအောင်ကျော်ဇောအား သီးခြားတွေ့ဆုံမေးမြန်း ရာတွင် သူကထိုသို့ပြောဆိုခြင်း ဖြစ်သည်။

“ဗမာအစိုးရအဆက်ဆက်က တိုင်းရင်းသား လူမျိုးစုငယ်တွေကို သွေးခွဲရန်တိုက်ပေးထားပြီးတော့ အပေါ်စီး ကနေ ချုပ်ကိုင် ထားတယ် အခုလည်း ဦးသိန်းစိန်အစိုးရက ဒီဟာကိုပဲဆက်လုပ်နေတယ်တစ်ပြည်လုံးအတိုင်း အတာနဲ့ လူမျိုးကြီးတွေနဲ့ လူမျိုးငယ်တွေကြားထဲ မှာ သွေးထိုးသပ်လျိုထားတယ် သျှမ်း၊ ကချင်ဘယ်နေရာ မှာပဲကြည့်ကြည့် လူမျိုးစုတွေငယ်တွေ ကြားထဲမှာ ပြဿနာတွေဖြစ်အောင်လုပ်ထားတယ် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို သွားမယ်ဆို လို့ရှိရင် အစိုး ရရဲ့ အခြေခံကျတဲ့ ဒီ Mind set ကို ဖြုတ်ရမယ်” - ဟု ဆိုသည်။

UWSA ၀ တပ်ဖွဲ့က ပြည်နယ်အဆင့်တိုးတောင်းသည့် ကိစ္စမှာလည်း အစိုးရတွင်သာ အဓိကတာဝန်ရှိပြီး ပြဿနာ အားလုံးကို နိုင်ငံရေး အရ တာဝန်ယူဖြေရှင်းရန် လိုအပ်ကြောင်းသူက ဆက်ပြောသည်။

“အဲဒါနဲ့တစ်ဆက်တည်းပဲ “၀သပ”က လက်နက်အင်အားတွေဖြည့်ဆည်းတယ် ပြန်ကြည့်ရင် ပဏာမ အပစ်အခတ် ရပ်ဆဲ ရေးအဆင့် ခိုင်မာတဲ့အဆင့်မဟုတ်သေးဘူး ဒီကနေ့ MPC ရယ် ၊ လွှတ်တော်ရယ် ၊ စစ်တပ်ရယ် ၊ အစိုးရရယ် ဒီအဖွဲ့ အစည်းအားလုံးဟာ လူမျိုးစုငယ်တွေကို စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ဖေါ်ဆောင်ပြီးတော့ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့ ဆန္ဒမရှိဘူး လှည့်လိုက်ဖဲ့လိုက် အမျိုးမျိုးမီးထိုးပြီးတော့ သဏ်ဏ္ဍာန်တစ်မျိုးနဲ့ ပြည်တွင်းစစ်ကို ဆက်မွေးထားတာ နှစ်လုံးထဲပြောရရင် divide in rule ပဲ” ဟု ဆိုသည်။

အကျိုးဆက်အားဖြင့် အစိုးရ၏ လုပ်ရပ်အပေါ် ယုံကြည်မှု မရှိသဖြင့်  ကိုယ့်ဒေသကိုယ် ကာကွယ်ရန်အတွက် ၀ တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များက လက်နက်အင်အားများကို ဖြည့်တင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းနယ်စပ် အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် ပတ်သက်၍ သူက ဆက်ပြောရာတွင် “ ၀သပ အာဏာစသိမ်းတုန်း က အင်အား ၂ သောင်းကျော်ပဲရှိတယ် ဒီကနေ့ ၃ သောင်းကျော်သွားပြီ ဘာကြောင့်လဲ ၁၉၉၅ ခုနှစ်လောက်က အစိုးရရဲ့ မူအောက်ကနေ ဗိုလ်ခင်ညွန့်က ၀ တပ်ဖွဲ့ကို လွယ်လန်းကိုတိုက်ခိုင်းတယ်၊ ၀ကလည်း သူ့အကျိုးစီးပွား အတွက် တိုက်တယ် အစိုးရကလည်း ခွန်ဆာကို သူတို့တိုက်လို့မရလို့ တိုက်ခိုင်းတယ်၊ မကြားဖူးတဲ့ ဇါတ်လမ်းတွေ ကြား ရတယ် နှစ်ပေါင်း ၂၀ လောက် အစိုးရ စစ်တပ်ကို တိုက်ခဲ့တဲ့ ၀တပ်ဖွဲ့ဒဏ်ရာရသူတွေကို မင်္ဂလာဒုံ ၊ မိထ္ထီလာနဲ့ တောင်ကြီး စစ်ဆေးရုံတွေကို ပို့ပြီးကုသ ပေးခဲ့တယ် လက်နက် ကျည်ဆံအားလုံး ထောက်ပံ့ပေးခဲ့တယ် ခွန်ဆာ လက်နက်ချပြီး နောက် ပိုင်း မလွှဲသာမရှောင်သာပဲ ဒီဒေသတွေကို ၀သပကို ပေးလိုက်ရတယ် ဗိုလ်ခင်ညွန့် ထပ်ပြီး ဘာလုပ်သလဲဆိုရင် တရုတ်နဲ့ ပေါင်းပြီး ၀ လူမျိုး ၈ သောင်းကျော်ကို တောင်ပိုင်းကို ပို့လိုက်တယ်” ဟု ဆိုသည်။

၀ များ၏ အသက်သွေးချွေးများဖြင့် ရယူထားသော အဆိုပါ ၀ တောင်ပိုင်းဒေသမှ ၀ တပ်ဖွဲ့အား အစိုးရဘက်မှ ဖိအားပေး ပြောင်းရွှေ့ ခိုင်းမည်ဆိုပါက ၀ အနေဖြင့် ပြောင်းရွှေ့မည်မဟုတ်ကြောင်း ၄င်း၏ အမြင်ကို ဆက်ပြော သွားသည်။

၁၉၄၇ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှစ၍ ပြည်တွင်းစစ်စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နှစ်ပေါင်း ၆၀ ကျော်လာသည့် တိုင်အောင် တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်ပြည်ထောင်စုအား အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးပေ။