မြန်မာစစ်တပ်၏ လက်နက်ကြီးကျည် ထိမှန် တရုတ်နိုင်ငံသား ကလေးငယ် နှစ်ဦး ဒဏ်ရာရ

မြန်မာစစ်တပ်၏ လက်နက်ကြီးကျည် ထိမှန် တရုတ်နိုင်ငံသား ကလေးငယ် နှစ်ဦး ဒဏ်ရာရ
by -
သျှမ်းသံတော်ဆင့်

ယမန်နေ့နံနက်ပိုင်းက RCSS/SSA နှင့် မြန်မာအစိုးရစစ်တပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲတွင် မြန်မာအစိုးရ စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ တရုတ်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ တရုတ်နယ်စပ် ဒေသခံ ကလေးငယ် နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံသတင်းရပ်ကွက် အဆိုအရ သိရသည် ။

RCSS/SSA အမှတ် 701 စစ်ဒေသ အခြေစိုက်ရာ နောင်မရွာနှင့် ကပ်နေသည့် တရုတ်ဘက်ခြမ်း နောင် တောင်းရွာ အ တွင်းသို့ အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၆ လုံးခန့် ကျရောက် ပေါက်ကွဲခဲ့ပြီး ၄င်းရွာသား ၁ နှစ်နှင့် ၅ နှစ် အရွယ် ကလေးငယ်နှစ်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း နောင်တောင်းဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“တရုတ်ဘက်ခြမ်းက နောင်တောင်းမြို့နယ်ထဲမှာပဲ။ အခုလက်နက်ကြီးကျတဲ့နေရာက နောင်တောင်း ရွာပေါ့။  အဲဒီနောင်မ ရွာရဲ့အနောက်ခြမ်း နည်းနည်းပဲခြားထားတယ်။ ရွာဘုန်းကြီးကျောင်းနားမှာ တစ်လုံးကျတယ်။ ၁နှစ် သားအရွယ် ကလေး တစ်ဦးနဲ့ ၅ နှစ်သားအရွယ် ကလေးတစ်ဦး ဒဏ်ရာရတယ်။ သူတို့ကိုတော့ နောင်ငိမ့်ဆေးရုံမှာ တင်ထားတယ်လို့ သိရတယ် ” ဟု ၄င်းဒေသခံက ဆိုသည် ။

ယမန်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားသည့်တိုက်ပွဲများ ညပိုင်းအထိ ဆက်လက် ဖြစ်ပွားခဲ့ပြီး အစိုးရတပ်များ က RCSS / SSA အမှတ် 701 အခြေစိုက်ရာ နောင်မအား သိမ်းပိုက်ကာ နောင်မနှင့် နောင်ခမ်းရွာများတွင် ယနေ့အထိ တပ်စွဲထားဆဲ ဖြစ်ကြောင်း သိရသည် ။

နှစ်ဘက်တိုက်ပွဲများအတွင်း အစိုးရတပ်ဘက်မှ ကျဆုံးသူ ၁၀ ဦးကျော်နှင့် ဒဏ်ရာရသူ ၂၀ ခန့်ရှိပြီး RCSS /SSA ဘက် မှ တစ်ဦးကျ ၊ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင် ကျော်ဇောက ဆိုသည် ။

အစိုးရတပ်ဘက်မှ ဒဏ်ရာရသူများ အထဲတွင် အရာရှိများလည်းပါ၀င်ကြောင်း သူက ပြောရာတွင် -“နမ့်ခမ်းဆေးရုံကို တော့ စောစောပိုင်းက ၁၁ ယောက်ရောက်လာတယ်လို့ ကြားတယ်။ အဲဒီအထဲက အနည်းအကျဉ်းထိတဲ့ လူတွေ ပြန်ဆင်း တာ ရောဆို အခု ၄ ယောက်ကျန်တယ်။ အဲဒီအထဲမှာ ၆၈ က ကပ္ပတိန်ပါတယ်။ မူဆယ်ဆေးရုံမှာက ရ ယောက်ရောက် လာတာ ၄၅ တပ်က ဗိုလ်မှူးတစ်ဦးပါတယ် ။ ဒီဗိုလ်မှူးကတော့ ဒဏ်ရာအတော်ပြင်းတယ် ” ဟု သူက ဆိုသည် ။

ယခုအခါ နှစ်ဘက်တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ဒေသခံများ စစ်ဘေးလွတ်ကင်းရာသို့ ရွာလုံးကျွတ် တိမ်းရှောင်မှုများ ရှိနေကြောင်း၊ နောက်ထပ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည် ။