လူပျောက်မှုကြောင့် တပ်စခန်းအတွင်းစစ်ဆေးခွင့်ပေးရန် အစိုးရတပ် တောင်းဆိုမှုကို RCSS/SSA က လိုက် လျော ၍ ခေတ္တရှောင်ထွက်ပေးပြီးနောက် ၎င်းတို့စခန်းအား မြန်မာစစ်တပ်သိမ်းပိုက်ကာ မီးတင်ရှို့လိုက်သောကြောင့် ရွှေလီမြစ် ဝှမ်းအခြေစိုက် RCSS အမှတ် ရ၀၁ လက်အောက်ခံ တပ်သားထုက မကျေမနပ်ဖြစ်ကာ စစ်ရေး ပြင်ဆင်နေဟု ဒေသ ခံများက ပြောသည်။
“သူတို့လူပျောက်တယ်။ တပ်စခန်းအတွင်းဝင်ရှာချင်တယ်လို့ မူစယ်က အစိုးရစစ်အရာရှိပြောလာတယ်။ ဆိုတော့ ကျနော်လဲ ကျနော့် လူတွေကို ရှောင်ထွက်ပေးခိုင်းတယ်။ ဝင်လာတာနဲ့စခန်းသိမ်းလိုက်တဲ့ အတိုင်း မွှေနှောက်တယ်။ ပြီးတော့ မီးရှို့လိုက်တယ်၊ ကျနော့်လူတွေတော်တော်စိတ်ဆိုးနေတယ်။ ကျနော်တို့က အပစ်ရပ်ထားတဲ့အတွက်ကြောင့်မို့လို့ စစ်ဆေးခွင့်ပြုတာလေ။ အခုတော့ မရတော့ဘူး၊ ထပ်ဝင်လာရင် ပစ်ဖို့အဆင့်သင့်ဘဲ” - ဟု RCSS/SSA အမှတ် ရ၀၁ တပ်မဟာမှူးက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြား (ဓါတ်ပုံများ တစ်ပုံလျှင် ယွမ် ၅၀ တန်) အထင် ကရ ပုဂ္ဂိုလ်များ၏ ဓါတ်ပုံများ လိုက်လံရောင်းချသည့် တပ်ထောက်လှမ်းရေး ၄ ဦး ဧပြီလ နှောင်းပိုင်းက ပျောက်ဆုံး သွားသဖြင့် ၎င်းတို့အားသျှမ်းပြည်တပ်မတော် RCSS/SSA ဖမ်းဆီးထားသည်ဟု စွပ်စွဲကာ ပြန်ပေး အပ်ရန် အစိုးရတပ်က တောင်းဆိုလာသည်။
ဖမ်းဆီးထားခြင်းမရှိသောကြောင့် ပြန်ပေးဖို့လူလည်း မရှိကြောင်း RCSS/SSA မှအကြောင်းပြန်သည်နှင့် ၎င်းတို့၏တင်းခါးတပ်စခန်းအား စစ်ဆေးခွင့်ပြုရန် မူစယ်ခရိုင်ရှိ လှုပ်ရှားစစ်ဗျူဟာမှူးက တောင်းဆိုလာ သည့်အပေါ် လိုက်လျောပေးရာမှ မေလ ၂ ရက်က စခန်း မီးရှို့ဖျက်ဆီးခံရသည်အထိ ဖြစ်ရကြောင်း ပြောကြသည်။
“ပထမ အချက် လူမျိုးရေးပြဿနာဖြစ်အောင် ဖန်တီးချင်တယ်။ ဒုတိယ အချက် အပစ်ရပ်ကိစ္စကို အစိုးရ တပ်က လုံးဝ အရေးမထားဘူး၊ အဲဒီလိုမျိုး ထပ်ဖြစ်ရင် ပစ်ဖို့ပဲရှိတယ်လေ။ အခု ကျနော်တို့ လူတွေ တော်တော်စိတ်ဆိုးနေလို့ စစ်ရေးအသင့်ဖြစ်နေပြီ။ တခြားတပ်စခန်းတွေ အဲဒီလိုမျိုး ထပ်မဖြစ် အောင်။ ဒီအကြောင်း ဦးအောင်မင်းသိအောင် ပြောပြလိုက်ပြီးပါပြီ” - ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်းတွင်လည်း သတင်းပို့ခြင်းမရှိဘဲ အစိုးရတပ်စစ်ကြောင်းများ နယ်ကျွံလှုပ်ရှားသောကြောင့် ယခုလအစောပိုင်းက နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ဗိုလ်မှူးလောဝ်ဆိုင်က ပြောသည်။