သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် RCSS/SSA ထိမ်းချုပ်နယ်မြေသို့ ဖြတ်ကျော် ရသည့် ထိုင်းဂိတ်တခုအား ထိုင်းအစိုးရက ပြီးခဲ့သည့်ရက်ပိုင်းက ပိတ်ပင်လိုက်ကြောင်း ကြားသိရပါသည်။
“နိုင်ငံရေးပြဿနာကြောင့်မဟုတ်ပါဘူး။ ဒေသခံ အကြီးအကဲတွေ နားလည်မှု လွှဲမှားလို့ဖြစ်တဲ့ အသေးအမွှား ကိစ္စပါ။ ဒါတွေကျနော်တို့ ဖြေရှင်းနေပါတယ်။ တခြားဒေသဆီကို ပြဿနာပြန့်ပွားသွားဖို့လဲမရှိနိုင်ပါဘူး” - ဟု RCSS/SSA ပြောခွင့်ရ စိုင်းဆိုင်မိန်းက ပြောသည်။
ထိုင်းနိုင်ငံ ဖှန်မြို့နယ် နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ကြား နယ်စပ်မျဉ်းပေါ်ရှိ RCSS/SSA ၏ တပ်မဟာ ရ၂၇ လွယ်ဆန်စုဌာနချုပ်သို့ အသွားလမ်းပေါ် နယ်ခြားဂိတ်အား ထိုင်းအစိုးရက မြန်မာနှစ်ဆန်း ပိုင်းက စတင် ပိတ်ပင်ခြင်းဖြစ်သည်။
“ကျနော်တို့ တပ်ဖွဲ့သုံးဖို့ ဘူဒိုဇာကား ဝယ်လာတယ်။ ထိုင်းအာဏာပိုင်က သူတို့ခွင့်ပြုချက် မရသေးဘဲနဲ့ သယ်ယူတယ်လို့ပြောတယ်။ ကျနော်တို့တပ်သုံးဖို့ပါ ။ အရင်တုန်းကလဲ ဒီအတိုင်း သယ်ယူနေတာဘဲ။ ဘာပြဿနာမှာမရှိခဲ့ဖူးပါဘူး” - ဟု စိုင်းဆိုင်မိန်းက ဆက်ပြောသည်။
အမည်မဖေါ်လိုသည့် ဒေသခံ သျှမ်းတပ်အရာရှိတဦးက - ထိုင်းအစိုးရ ယခုကဲ့သို့ ပိတ်ပင်ထားခြင်းသည် တပ်မဟာကြီးတခုလုံး၏ လည်ပတ်မှု မထိခိုက်နိုင်သော်လည်း ဒေသအတွင်းနေထိုင်သည့်လူထု၏ စားဝတ်နေ ရေးအတွက် ရေရှည်ထိခိုက်လာနိုင်ကြောင်း ပြောသည်။
ယင်းလပ် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့သည် သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် အား မူးယစ်ဆေးဝါးလက်တွဲဖေါ်ဆောင်တိုက်ဖျက်မှုအကောင်းဆုံးဆု ‘ရွှေလင်းယုန်ဆု’ ဂုဏ်ပြုချီးမြင့်ဖူးသည်။