တရုတ်နယ်စပ် ကားစျေးကွက် မီးသတ်ကားအဝယ်လိုက်

တရုတ်နယ်စပ် ကားစျေးကွက် မီးသတ်ကားအဝယ်လိုက်
by -
သျှမ်းသံတော်ဆင့်

နွေဦးကာလသို့ ရောက်ရှိလာချိန် မီးဘေး အန္တရာယ်ကာကွယ်ရန် အတွက် မြန်မာပြည်ဘက်မှ တရုတ်လုပ် မီးသတ်ကားများ ပိုမို၀ယ်ယူနေသဖြင့် တရုတ်နယ်စပ် ရွှေလီကားစျေးကွက်တွင် မီးသတ်ကား အဝယ်လိုက်နေကြောင်း ကားပွဲစားများ အဆိုအရ သိရသည်။

ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းအကြား ဧရာဝတီမြစ်ရိုးတစ်လျှောက် မြို့ရွာများရှိ ဒေသခံများက ၄င်းတို့ ဒေသအတွင်း အသုံးပြုရန် ကိုယ်ထူကိုယ်ထ ၀ယ်ယူခြင်း ဖြစ်ကြောင်း ကားပွဲစားတစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

“ကချင်ပြည်နယ်ဆိုရင် ဗန်းမော်၊ ရွှေကူနယ်တစ်ဝိုက်ပေါ့။ အဲဒီကနေမြစ်ရိုးတစ်လျှောက် မန္တလေး အထိပေါ့။ အဲဒီနယ်ခံတွေ အဝယ်များတယ်။ အဟောင်းရော အသစ်ရော အဝယ်လိုက်တယ်” ဟု သူက ဆိုသည်။

မီးသတ်ကားအသစ် တစ်စီးလျှင် တရုတ်ယွမ်ငွေ တစ်သိန်းခွဲဝန်းကျင် (ကျပ်သိန်း ၂၀၀ ကျော်) နှင့် အဟောင်း တစ်စီးလျှင် ယွမ် ၈  သောင်း ၀န်းကျင် (ကျပ်သိန်း ၁၀၀ ကျော် ) ပေါက်စျေး ရှိကြောင်း သိရသည်။

ကိုယ်တိုင် ကားလာဝယ်သူ ဗန်းမော်ဒေသခံ တစ်ဦးက - “အခုဆို ရပ်ကွက်တိုင်းလိုလို ရပ်ကွက်ပိုင် မီးသတ် ကားတွေဝယ်ထားကြတယ်။ ဋ္ဌာနဆိုင်ရာတွေလည်း ကိုယ်ပိုင်ဝယ်တယ်။ မီးလောင်လို့ မီးသတ်ကား အလာ စောင့်နေရတာနဲ့ အကုန်လုံးပြာ ကျတဲ့အထိ ဖြစ်ဖြစ်နေလို့  ရွာတွေကအစပေါ့ဗျာ ကိုယ်ပိုင်မီးသတ်ကားတွေ ၀ယ်ထားကြတယ်” ဟု ဆိုသည်။

ထို့အပြင် တရုတ်နယ်စပ် ရွှေလီကားစျေးကွက်၌ မီးသတ်ကားအပြင် သစ်တင်ရန် တုန်းဖုန်းအမျိုး အစားကားများ၊ ၄ လုံးထိုးကားနှင့် ထော်လာဂျီများ အဝယ်လိုက်နေကြောင်း သိရသည်။