စိုင်းအောင်မြတ်အား အမှုတခုခုဖြင့် တရားစွဲဆို အပြစ်ပေးရန် တရုတ်တောင်းဆို

စိုင်းအောင်မြတ်အား အမှုတခုခုဖြင့် တရားစွဲဆို အပြစ်ပေးရန် တရုတ်တောင်းဆို
by -
သျှမ်းသံတော်ဆင့်

အစိုးရသက်သေအဖြစ် လိုက်ပါပေးခဲ့သူ စိုင်းအောင်မြတ်အား မြန်မာအစိုးရထံ ပြန်ပို့ပြီးနောက် အမှုတခုခုဖြင့် တရားစွဲဆိုရန် တရုတ်အစိုးရက တောင်းဆိုလိုက်သည်ဟု ကျိုင်းတုံ ဝန်ထမ်းအသိုင်းအဝိုင်းက ပြောသည်။

“၁၇ ရက်နေ့ တုန်းကရောက်လာတယ်။ အဲဒီ နေ့ ညနေပိုင်းမှာဘဲ သူ့ကို ကျိုင်းတုံ အကျဉ်းထောင်ပို့လိုက်တယ်။ သီးသန့်အခန်းနဲ့ထားတယ်။ သူ့ကို အမှု တခုခုနဲ့ တရားစွဲဆိုဖို့ တရုတ်ကတောင်းဆိုလာလို့ ၂၉ ရက်နေ့ သူ့ကို တရားရုံးတင်မယ်တဲ့” - ဟု ကျိုင်းတုံမြို့အကျဉ်းဦးစီး အသိုင်းအဝိုင်းကပြောသည်။

စိုင်းအောင်မြတ်

မဲခေါင်မြစ်အတွင်း တရုတ်အမျိုးသား ၁၃ ဦးသတ်ဖြတ်သည့်အမှု၌ စိုင်းနော်ခမ်း နှင့်အတူ စိုင်းအောင်မြတ် ပါဝင်သည်ဟု တရုတ်အစိုးရက စွပ်စွဲထားကြောင်း၊ လူသတ်မှုဖြင့်ဖြစ်စေ၊ မူးယစ်ဆေးဝါးမှုဖြင့်ဖြစ်စေ စိုင်းအောင်မြတ်အား တရားစွဲပြီး ပြစ်ဒဏ်တခုခု ချမှတ်ရန် မြန်မာအစိုးရထံ တရုတ်အစိုးရတောင်း ဆိုလာ ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“စိုင်းအောင်မြတ်က လက်နက်ချပြီး ဥပဒေဘောင်အတွင်း ဝင်လာတဲ့သူလေ။ ၁၉ (ခ) အမှု နဲ့ ဖွင့်ပြန်ရင်လဲ သူ့မှာလက်ဝယ် မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးတာမဟုတ်ဘူး၊ လူသတ်မှုနဲ့လည်း ကျနော်တို့မှာ ဘာမှသက်သေမရှိဘူး။ မလွှဲသာလို့လေ - ဘာလုပ်ရမှာလည်း မသိဘူး။ ၂၉ ရက်နေ့တော့ သူ့ကို ရုံးထုတ်မယ်လို့တော့ အမိန့်လာပြီ” - ဟု ကျိုင်းတုံမြို့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ စရဖ အသိုင်းအဝိုင်းက ပြောသည်။

စိုင်းအောင်မြတ်လက်နက်မချမီ ရွှေတြိဂံဒေသ မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်း၏ လက်ထောက်ဖြစ်ဖူး၏။ စိုင်းနော်ခမ်း အဖမ်းမခံရမီ ၁၀ ရက်ခန့် လက်အောက်ငယ်သား ၂၅ ယောက်နှင့်အတူ တာချီလိတ်မြို့ အစိုးရ တပ်မတော်ထံ တရားဝင်လက်နက်ချခဲ့၏။ ထို့နောက်ပိုင်း တရုတ်အစိုးရဖိအားကြောင့် လက်နက်ချပြီး ဖြစ်သော်လည်း မြန်မာအစိုးရက ၎င်းအား ဖမ်းဆီးအကျဉ်းချကာ စိုင်းနော်ခမ်းအမှု၌ နိုင်ငံတော်သက်သေ အဖြစ် တရုတ်အစိုးရက ဩဂတ်စ် ၂၀၁၂ - ၁၇ ရက် မတ်ခ်ျ ၂၀၁၃ အထိ တောင်းယူသွားခဲ့သည်။ စိုင်းနော်ခမ်းအားလည်း တရုတ်အစိုးရက မတ်ခ်ျ ၁ ရက်နေ့ ကသေဒဏ်ပေးခဲ့သည်။

Most read this week