သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ဓါးထိုးသတ်ခံရသော ကျားဖြူဥက္ကဌ၏တူအမှု အတွက် တရားခံအား (ရုံးထုတ်သော်လည်း) မစစ်ဆေးဘဲ တရားလိုဘက်မှ သက်သေများကိုသာ စစ်ဆေးမေးမြန်းကာ ယခုလကုန် ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။
“၂၂ ရက်နေ့ မွန်းတည့်ကနေ ညနေ ၅ နာရီအထိ တရားလိုဘက်က သက်သေ ၃ ဦးကို မူစယ် တရားရုံးမှာ စစ်ဆေးမေးမြန်းတယ်၊ နမ့်ခမ်းတရားရုံးမှာထွက်ဆိုတဲ့ အချက်အလက်တွေနဲ့ တူမတူပြန်စစ်ဆေးတာတဲ့။ ကျန်တဲ့တရားလို ၂ ဦးကိုတော့ နောက်အပတ်ထဲမှာထပ်မေးမယ် လို့ပြောတယ်” ဟု သေဆုံးသူတရားလို ဘက်မှ ဆွေမျိုးသား ချင်းတစ်ဦးကပြောသည်။
တရားလိုဘက်မှ မျက်မြင်သက်သေအဖြစ် ထွက်ဆိုပေးမည့်သူများမှာ စိုင်းစံမိန်း၊ စိုင်းဆိုင်မိန်း၊ စိုင်းလောဝ်ကွမ်း၊ စိုင်းအိုက်လိန် တို့ဖြစ်ရာ ၂၂ ရက်နေ့က သေဆုံးသူ၏ဖခင် ဦးစိုင်းဆမ်(ကောင်လွန်) နှင့် သူငယ်ချင်းများဖြစ်သည့် စိုင်းအိုက်လိန်၊ စိုင်းလောဝ်ကွမ်းတို့အားစစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း၊ လူသတ်တရားခံ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်မြင့်၏တူ ရဲအောင်ထွေး(ခ)လိဖန်နှင့် စိုင်းအိုက်ဆမ်တို့အား ရုံးထုတ်လာသော်လည်း စစ်ဆေးမေးမြန်းမှု မရှိကြောင်း ၄င်းကဆိုသည်။
“ကျနော်တို့တော့ မနက်အစောကြီးက နမ့်ခမ်းကနေလာကြတယ်။ နေ့လည် ထမင်းစားချိန်ပြီးမှ တရားခွင်က စတာလေ၊ ဒီအမှုကိုသက်ဆိုင်ရာအာဏာပိုင်ဘက်က တရားမျှတစွာလုပ်ပေးဖို့နဲ့ တရားလို မိသားစုကိုအား ပေးဖို့ အစောကြီးကတည်းက နမ့်ခမ်းမြို့ကနေလာရတာဖြစ်ပါတယ်” ဟု အမှုစစ်ဆေးရာတွင် လိုက်လံစောင့် ကြည့်အားပေးသော နမ့်ခမ်းလူငယ်စိုင်းပီးကပြောသည်။
မတ်ခ်ျလ ၂၂ ရက် ရုံးချိန်း နေ့တွင် မူစယ် နမ့်ခမ်းမှ ဒေသခံ ၁၀၀ နီးပါးလာရောက် ကြည့်ရှုအား ပေးကြရာ အများစုမှာ နမ့်ခမ်းမြို့မှ ဒေသခံများ ဖြစ်ကြသည်။ မူစယ်မြို့နှင့်နမ့်ခမ်းမြို့သည် ၁၇ မိုင်ဝေးကြောင်း သိရသည်။
ဖမ်းဝရမ်းထုတ်ထားသော အခြား တရားခံ ၂ ဦးဖြစ်သည့် နမ့်ခမ်းမြို့ စာရေးတန်းရပ်ကွက်နေတရုတ် လူမျိုး အားကျိနှင့်နမ့်ဖတ်ကာမြို့နယ်နေ ကချင်လူမျိုး မာနော်တို့သည် ယခုထိဖမ်ဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။