မြန်မာ့ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အမေရိကန်တိုက်ရိုက်ပါဝင်သင့်

မြန်မာ့ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အမေရိကန်တိုက်ရိုက်ပါဝင်သင့်
by -
သျှမ်းသံတော်ဆင့်

တိုင်းရင်းသား မီဒီယာများ အများစု ပါ၀င်ဖွဲ့စည်းထားသည့် ဘီအဲန်အိုင် က မြန်မာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ‘မြန်မာ့ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုမှာ အမေရိကန် တိုက်ရိုက်ပတ်သက်သင့်’ သည်ဟု တာဝန်ရှိသူ တဦးက ပြောကြားလိုက်သည်။

Deciphering

“ထိုင်းနိုင်ငံမှာလုပ်တဲ့ တွေ့ဆုံပွဲမှာဆို ဂျပန်က ကမကထ ပြုတယ်။ မူစယ်တဘက်ခြမ်းရွှေလီမှာ တွေ့ဆုံ တာက တရုတ်က တိုက်ရိုက်ပတ်သက်တယ်။ ဝင်ရောက် စွက်ဖက်တယ်လို့တောင် ကြားရတယ်။ ဂျပန်နဲ့ တရုတ်က ရန်ဘက်လေ။ ငြိမ်းချမ်းရေးလမ်းစဉ်က ဖြောင့်တော့မှာမဟုတ်ဘူး။ သူတို့နှစ်ဦးဘဲ ပြိုင်လုမနေ ရအောင် အမေရိကန် ပါဝင်လာသင့်တယ်” - ဟု Deciphering – Myanmar's Peace Process အစီရင်ခံစာ ထုတ်ပြန် မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ဦးခွန်စိုင်းက ပြောဆိုသည်။

ထို့အပြင် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ ဒုတိယ ဉက္ကဌ ဦးအောင်မင်း အဖွဲ့ နှင့် UNFC ကိုယ်စားလှယ်တို့ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်း မှ ကမကထ ပြု၏။ မတ် ၁၁ ရက်နေ့ ကေအိုင်အို နှင့် ဦးအောင်မင်းတို့အဖွဲ့ တရုတ်နယ်စပ် ရွှေလီမြို့၌ တွေ့ ဆုံရာတွင် တရုတ်အစိုးရက ကမကထပြုသည်ဟုလည်း ၎င်းကဆို၏။

“ရွှေလီတွေ့ဆုံပွဲ တရုတ်က ဝင်ပါလာလို့ တချို့ဟာတွေ ဆုံးဖြတ်ချက်ထဲ မပါလိုက်ရဘူး။ Humanitarian Assistant တို့ Ceasefire Monitoring တို့ မပါဘူးလေ။  အဲဒီကိစ္စထည့်ထားရင် အနောက်နိုင်ငံက NGO တွေဝင်လာမယ်။ ဒါကိုတရုတ်က မကြိုက်ဘူး၊ အဲဒါကြောင့် တရုတ်က တဘက်၊ ဂျပန်က တဘက် လွန်ဆွဲ နေရင် မြန်မာ့ငြိမ်းချမ်းရေးလဲ ဟိုမရောက်ဒီမရောက် ဖြစ်သွားနိုင်တယ်၊ ပိုမိုကြန့်ကြာသွားနိုင်တယ်” - ဟု ပြောသည်။

Deciphering – Myanmar's Peace Process A Reference Guide 2013 အစီရင်ခံစာသတင်းစာရှင်းလင်းပွဲ ကို ဘီအဲန်အိုင် အကြီးအကဲများဖြစ်သည့် ဦးခွန်ဆိုင်း၊ နန်းဖေါ့ကေ နှင့် စိုင်းလိတ် တို့က ဦးဆောင်ပြီး ဘန်ကောက်မြို့ FCCT -The Foreign Correspondents' Club of Thailand ၌ ယနေ့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၁၉၆ စာမျက်နှာ ရှိ Myanmar's Peace Process A Reference Guide 2013 အစီရင်ခံစာအား ဖတ်ရှုရန် - http://www.mmpeacemonitor.org/#!deciphering-myanmars-peace-process/chz2