သျှမ်းပြည်အရှေ့ပိုင်း မိုင်းထားမြို့နယ်နှင့် တောင်ပိုင်းရှိ ဟိုမိန်းမြို့နယ်အား RCSS/SSA ဌာန ချုပ်ထားရှိရန်၊ တပ်မိသားစုများ နေရာချထားရန် အစိုးရနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆွေးနွေးစဉ် သဘောတူညီမှု ရထားသော်လည်း အကောင်အထည်ဖော်ခွင့်အား မြန်မာ့တပ်မတော်က အဟန့်အတားပြုနေသည်ဟု RCSS/SSA ကပြောသည်။
“ကျနော်တို့ဘက်ကတော့ အတတ်နိုင်ဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်အတိုင်း လိုက်နာမယ်။ နောက်ဆုံးရွေးလမ်းမရှိရင်တော့ မတတ်နိုင်ဘူး။ ဟိုမိန်း၊ မိုင်းထား ကျနော်တို့ကို အစိုးရက ပေးထားတယ် ဆိုပေမယ့် စစ်တပ်ကလုံးဝ မပေးချင်ဘူးလေ။ သူတို့ထားမယ့်နေရာမှာဘဲနေရမယ်။ သူတို့လက်ခုပ်ထဲ ကရေလိုဘဲ ထားချင်တာလေ။ လက်နက်မပါဘဲ။ သွားလာစေချင်တယ်။ ကျနော်တို့က စစ်တပ်ဘဲဗျာ။ လက်နက်မပါလို့ဘယ်ဖြစ်မလဲ။ အဲဒီနေရာကနေ ထွက်မယ်မထွက်မယ် ကျနော်တို့ မဆုံးဖြတ်ရသေးဘူး” ဟု ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောသည်။
သံလွင်အရှေ့ခြင်း မိုင်းတုံမြို့နယ် မိုင်းထားမြို့နယ်ခွဲ ဌာနချုပ်ရုံးစိုက်ရာ စီမံကိန်းဧရိယာအတွင်းရှိ RCSS ၏ လွယ်မွတ်နန်းလျဲန်း စခန်းအား မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် တြိဂံတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးက ညွှန်ကြားလာကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။
“ဆိုလိုတဲ့သဘောက ကျနော်တို့ကို ဌာနချုပ်ရုံး ပေးမစိုက်တော့ဘူး ဆိုတဲ့သဘောဘဲ။ ကျနော်တို့ နေဖူးတဲ့ နေရာဟောင်း တောင်မှ ပေးမနေချင်ဘူးဆိုရင် တခြားနေရာဆို ပိုဆိုးမှာပေါ့။ သူတို့ဘယ်ပေးမှာလဲ။ အခုအပစ်ရပ်ကာလ တနှစ်ကျော်လာပြီ သဘောတူညီချက်လဲ ဘာမှ အကောင်အထည် မဖေါ်နိုင်သေးဘူးဘဲ” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်ဆိုင်က ဆက်ပြောသည်။
ထို့အတူ သျှမ်းပြည်တပ်မတော်၏ ဟိုမိန်းမြို့နယ်အတွင်းရှိ တပ်စခန်းများအား ဖေဖော်ဝါရီလအကုန်ဆုတ်ခွာ ပေးရန် မြန်မာစစ်တပ်က ညွှန်ကြားလာသော်လည်း မတ်လဆန်းမှ ဆုတ်ခွာခဲ့သဖြင့် မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ၂ ရက် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ တိုင်းရင်းသားနယ်စပ်များ၌ တိုက်ပွဲများရှိနေသယောင် ဆင်နွဲနေခြင်းဖြင့် မြန်မာစစ်တပ်မှ အင်အားဖြည့်တင်း နိုင်မည်ဖြစ်ကြောင်း၊ အင်အားများ ဖြည့်တင်းခြင်းဖြင့် ၎င်းတို့၏ ဩဇာအာဏာ ကြီးမားအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“မနှစ်က မိုးမကျခင်တုန်းက ဟိုမိန်း နဲ့ မိုင်းထားမှာ RCSS/SSA ရဲ့ ဌာနချုပ်ထားရှိဖို့၊ နယ်စပ်မှာ ရှိနေတဲ့ ဒုက္ခသည်တွေကို နေရာချထားပေးဖို့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကိုယ်စားလှယ် ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောထားတာဘဲ။ စစ်တပ်က ကြီးစိုးချင်လို့ နယ်မြေမငြိမ်မသက် ဖြစ်အောင်ဖန်တီးချင်တယ်။ ဒါကြောင့် အကောင်အထည်ဖေါ်မှုကို စစ်တပ်က အဟန့်အတားပြုနေတယ်” ဟု RCSS က ဆိုသည်။
သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည်တပ်မတော်နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး သဘောတူညီချက်ရထားကြ သော်လည်း အပစ်ရပ်သက်တမ်း တလျှောက်၌ တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်းဖြစ်ပွားခဲ့သည်။