မြစ်ကြီးနား - ဗန်းမော် ကားလမ်း ပြန်ဖွင့်

မြစ်ကြီးနား - ဗန်းမော် ကားလမ်း ပြန်ဖွင့်
by -
သျှမ်းသံတော်ဆင့်

၂၀၁၁ ခုနှစ် ဇွန်လပိုင်းက စတင်ခဲ့သည့် KIOနှင့် အစိုးရတပ် နှစ်ဘက်တိုက်ပွဲများကြောင့် တစ်နှစ်ကျော်ကြာ ကား အသွား အလာများ ရပ်ဆိုင်းနေသော မြစ်ကြီးနား - ဗန်းမော်ကားလမ်းကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီး ဗန်းမော်မှ မြစ်ကြီးနားသို့ ကား ၈ စီး စတင်ထွက်ခွာကြောင်း သိရသည်။

ယနေ့ နံနက် ၈ နာရီချိန်က ဗန်းမော်မြို့ သိမ်တော်ကြီးကျောင်းတိုက် အရှေ့တွင် အဆိုပါ ကားလမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ဗန်းမော်မြို့ အခြေစိုက် စကခ ၂၁ မှူးကိုယ်တိုင် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ဗန်းမော်မြို့ခံတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။

“ဒီမနက် ၈ နာရီမှာ ဖွင့်ပွဲလုပ်တယ် မနောဧရာယာဉ်လိုင်းပေါင်းစုံပေါ့။ စကခမှူး ကိုယ်တိုင် လာဖွင့်သွားတယ်။ ဖွင့်ပွဲပြီးတာနဲ့ ဗင်ကား ၅ စီး ဟိုင်းလက် ၃ စီး မြစ်ကြီးနားကို ထွက်သွားပြီ”  ဟု အဆိုပါ မြို့ခံက ပြောသည် ။

ယခုလ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ KIO နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ အပြီး ယခု ကားလမ်းပြန်ဖွင့်မည့် အစီအစဉ်အား ဗန်းမော်မြို့တွင် ဆိုင်းဘုတ်များချိတ်ဆွဲ၍ ကြိုတင် အသိပေးကြေငြာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။

ရွှေလီ တွေ့ဆုံပွဲ၌ အစိုးရဘက်မှ အပစ်ရပ်ရေး လက်မှတ်ထိုးရန် အပါအဝင် မြစ်ကြီးနား - ဗန်းမော်ကား လမ်းဖွင့်ရေး စသည့် အချက်များကို KIO ထံ တောင်းဆိုခဲ့သည် ။

သို့သော် ဆွေးနွေးပွဲအပြီး နှစ်ဘက် ထုတ်ပြန်သည့် ကြေငြာချက်တွင် ၄င်းအချက် ပါ၀င်ခြင်း မရှိသော်လည်း လက်ရှိတွင် အခြေအနေများ တိုးတက်လာပုံရသည်ဟု နောက်ထပ်မြို့ခံတစ်ဦးက ဆိုသည်။

“တရုတ်နိုင်ငံသားတွေ အရင်တိုက်ပွဲစဖြစ်တဲ့ ၁၇ မိုင်နားက ရေအားလျှပ်စစ်စက်ရုံ ပြန်ပြင်နေပြီ။ ကားလမ်းမှာ မိုင်းရှာတာ တွေလည်း လုပ်နေတယ်။ တပ်တွေပြန်ရုပ်တာတော့ မကြားသေးဘူး။ အရင်တပ်မ ၁၀၁ နေရာကို တပ်မ ၃၃ နဲ့ လဲလှယ် တယ်။ အခုကားလမ်းပြန်ဖွင့်ပြီဆိုတော့ အခြေအနေတွေ ကောင်းလာပုံရတယ်” ဟု ၄င်းက ဆိုသည်။

မြစ်ကြီးနား - ဗန်းမော်လမ်း၌ ကားအသွားအလာများ ရပ်ဆိုင်းထားသည့် ကာလအတွင်း ဒေသခံများ အနေဖြင့် ရေလမ်း ခရီးကိုသာ အားထား သုံးစွဲခဲ့ရကြောင်း သိရသည် ။