သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် လူသတ်မှုကျူးလွန်သော ပြည်သူ့လွှတ်တော်အမတ်(ပန်းဆေး ပြည်သူ့စစ်ခေါင်းဆောင်) ဦးကျော်မြင့်၏တူ ရဲအောင်ထွေး(ခ) လိဖန် နှင့် အပေါင်းအပါ အိုက်ဆမ် တို့အား ယခုလ ၁၄ ရက်က မူစယ်ခရိုင် တရားရုံး၌ ရုံးထုတ်စစ်ဆေးပြီးနောက် ၂၂ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက် ကြောင်း သိရှိရသည်။
“၁၄ ရက် မနက်ပိုင်း ၁၀ နာရီခွဲမှာ တရားခံ ၂ ယောက်ကို တရားရုံးကို ခေါ်လာတယ်၊ လုံခြုံရေးတော့ အပြည့်ပဲဗျာ၊ ရဲ ၃၀ လောက်ရှိမယ်၊ တရားခံ ရဲအောင်ထွေးကိုတော့ ဘာမှမမေးဘူး၊ အိုက်ဆမ် ကိုတော့ “မင်းကော ရှေ့နေ ငှားပြီး အမှု လိုက်မလား” လို့ ရုံးတော်ကမေးတော့ အိုက်ဆမ်က “မငှားဘူး၊ မလိုက်ဘူး” ပြန်ဖြေတယ်။ ပြီးတော့ နမ့်ခမ်းရဲအုပ်ကျော်စိုး၊ နမ့်ခမ်းမြို့စာရေးတန်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးစိုင်းထွန်းလှနဲ့ နမ့်ဖတ်ကာ အုပ်ချုပ်ရေးမှူး တို့ကို တရားရုံးက ဆက်ပြီး မေးမြန်းတယ်” ဟု သေဆုံးသူ၏ ဆွေမျိုး တော်စပ်သူတစ်ဦးကပြောသည်။
နမ့်ခမ်း မြို့နယ် ဝိန်းဆာကျေးရွာ ဇာတိဖြစ်သည့် (လူသတ်တရားခံအား ဆိုင်ကယ်မောင်းပေးသူ ) အိုက်ဆမ်ကိုလည်း နမ့်ခမ်းအာဏာပိုင်များက ယခုလဆန်းပိုင်းက ဖမ်းဆီးရမိခဲ့သည်။ ကျန်တရားခံ ၂ ဦး ဖြစ်သော နမ့်ခမ်းမြို့ စာရေးတန်း ရပ်ကွက် နေ တရုတ်လူမျိုး အားကျိ နှင့် နမ့်ဖတ်ကာ မြို့နယ်နေ ကချင်လူမျိုး အားနော် တို့မှာထွက်ပြေးလွတ်မြောက် လျှက်ရှိရာ သက်ဆိုင်ရာမှ ဖမ်းဝရမ်းထုတ်ထားကြောင်းသေဆုံးသူ၏ အမျိုးတော်စပ်သူက ဆက်လက်ပြောပြသည်။
“ရုံးချိန်းတဲ့ ၁၄ ရက်တုန်းက မူစယ်တရားရုံးမှာ မူစယ်၊ နမ့်ခမ်း ကလာရောက်စောင့်ကြည့်တဲ့ ဒေသခံ ၁၀၀ လောက် ရှိတယ်။ နေ့လည်စာ ကိုတော့ မူစယ်စက်မှုဇုံက စေတနာရှင်က လာရောက် ကျွေးမွေးတယ် ၊ သက်ဆိုင်ရာကနေ ဒီအမှုကို တရားမျှတစွာ မကိုင်တွယ်ပေးရင်တော့ အခြေအနေက မလွယ်ဘူး ။ ကျနော်တို့တွေ ဒီအတွက် စိုးရိမ်နေကြတယ်” ဟု မူစယ်မြို့မှ နိုင်ငံရေးပါတီ ၀င်တစ်ဦးကပြောသည်။
ဓါးခုတ်ခံရသဖြင့် ဒဏ်ရာပြင်းထန်သော စိုင်းလိုင်းပန်အတွက် ဆေးကုသစရိတ် နှင့် သေဆုံးသူ မိသားစု အတွက် ငွေကြေးထောက်ပံ့မှုရရှိရေး လက်ကမ်းစာစောင်များကိုလည်း မူစယ်နှင့်နမ့်ခမ်းမြို့ အတွင်း ဖြန့်ဝေနေကြသည်ကိုတွေ့ရပြီး ယခုလက်ရှိ ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၃၀ ကျော် ကောက်ခံရရှိပြီး ဖြစ်ကြောင်း လှုပ်ရှားမှု၌ပါဝင်သော လူငယ် တစ်ဦးကဆိုသည်။
မတ်လ ၁၄ ရက်နေ့ တရားခံနှင့်တရားလိုသက်သေများကို ရုံးထုတ်စစ်ဆေးပြီးနောက် မူစယ်တရားရုံးမှ ယခုလ ၂၂ ရက် ထပ်မံရုံးချိန်းလိုက်ကြောင်း သျှမ်းသံတော်ဆင့်မှစုံစမ်း သိရသည်။