ဟိုမိန်းမြို့နယ်ခွဲရှိ RCSS/SSA စခန်းရှိရာအား အစိုးရတပ်လက်နက်ကြီးပစ်ခတ်

ဟိုမိန်းမြို့နယ်ခွဲရှိ RCSS/SSA စခန်းရှိရာအား အစိုးရတပ်လက်နက်ကြီးပစ်ခတ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်ရှိ သျှမ်းပြည်တပ်မတော်စခန်းရှိရာ လွယ်နဂါးတောင်ကြောသို့ ယနေ့မနက်က မြန်မာစစ်တပ်မှ လက်နက်ကြီးများ စက်သေနတ်များဖြင့် ပစ်ခတ်နေကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ကပြောပါသည်။

ဟိုမိန်းမြို့နယ်အနောက် တောင်ဘက် ကီလိုမီတာ ၂၀ ကျော်၊ ထိုင်းနိုင်ငံ မယ့်ဟောင့်ဆောင် ဘန့်ရတ်ထိုင်းရွာ အနောက် မြောက်ဘက် ရ ကီလိုမီတာ ဝမ့်မိုင်ရွာအနီး လွယ်နဂါးတောင်ကျောဘက်သို့ မြန်မာစစ်တပ်မှ လက်နက်ကြီးဖြစ် ပစ်ခတ် နေခြင်းဖြစ်ပြီး သျှမ်းပြည်တပ်မတော်ဘက်မှမူ တုန့်ပြန်ပစ်ခတ်ခြင်းမရှိကြောင်း ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါသည်။

မိမိတပ်စခန်းထံပစ်ခတ်ထိမံခြင်း မဟုတ်သဖြင့်တကြောင်း၊ အပစ်ရပ်ကတိကဝတ်ကိုမချိုးဖောက်ချင် သဖြင့်တကြောင်းကြောင့် တုန့်ပြန်ပစ်ခတ်ခြင်းမရှိဘူးဟု ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါသည်။

ဟိုမိန်းမြို့နယ်အတွင်းရှိ နားမွန်းရွာမှ ဒေသခံများလည်း သေနတ်ပစ်ခတ်သံများကြားရကြောင်း ပြောဆိုပါသည်။

ဂျန္နဝါရီလကလည်း အဆိုပါ လွယ်နဂါးတောင်ကြောရှိ RCSS/SSA ၏ တပ်စခန်းအား အစိုးရတပ်မတော်က တရက်အတွင်း ၃ ကြိမ် တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိဘဲ အစိုးရတပ်သား ၁ ဦး ကျဆုံးခဲ့သည်။ ထို့အတူ ရလခ စစ်တိုင်းရုံးကလည်း ဟိုမိန်းမြို့နယ်အတွင်းရှိ  RCSS/SSA ၏ တပ်စခန်း ၂ ခု အား ဖေဖေါ်ဝါရီလ နောက်ဆုံးထားပြီး ရုပ်သိမ်းပေးရန် ညွှန်ကြားခဲ့ဖူးသော်လည်း ယနေ့တိုင်တပ်ရုပ်ခြင်းမရှိသေး ဟု လည်း ပြောပါသည်။

ယခင်လအတွင်း ထိုင်းနိုင်ငံ၌ သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် အစိုးရငြိမ်းချမ်းရေး ဖော် ဆောင်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း တို့ တွေ့ဆုံစဉ် အပစ်ရပ်တပ်ဖွဲ့များအားထိုးစစ်ဆင်တိုက်ခိုက်မှု လုံးဝ မရှိစေရဟု ကတိကဝတ်ပြုခဲ့ဖူးပါသည်။