အစိုးရတပ်က သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်း မြို့နယ် တောင်ဘက်ရှိ SSPP/ SSA ၏ လွယ်လန်း တပ်စခန်းအား စစ်ရေးအရ တိုက်ခိုက်ခဲ့ခြင်းမှာ SSA နှင့် UWSA အကြား ဆက်သွယ်ရေး လမ်းကြောင်း ဖြတ်တောက်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း SSPP/SSA မှ ဗိုလ်မှူးကြီးစိုင်းထူးက ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်သည့် KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲ သို့ တက်ရောက် လာသည့် SSA/SSPP ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းထူးက မတ်လ ၁၂ ရက်နေ့က မီဒီယာ များ၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
“လွယ်လန်းစခန်းဆုတ်ခိုင်းတဲ့ အကြောင်းပြချက်ကတော့ ဘိန်းတိုက်ဖျက်ရေးပေါ့။ DEA နဲ့လာပြီးတော့ ရှိတဲ့နေရာက တပ်တွေဆုတ်ဖို့ ရဟတ်ယာဉ်ကွင်းကို ပြန်ပြီးတော့ လုပ်ဖို့ပေါ့လေ။ ကျနော်တို့ မဆုတ်နိုင်ဘူး။ အရင်ဆုတ်ပေးတဲ့ စခန်း တွေ လည်း ဆုတ်ပေးထားပြီ။ ကျနော်တို့ နေမြဲနေတဲ့နေရာ ဖြစ်တယ်။ ခင်ဗျားတို့ မလာပါနဲ့ လို့ ဆိုတာ ကိုလာတော့ တိုက်ပွဲ ဖြစ် တာပေါ့။ ကျနော်တို့နဲ့ '၀' နယ်က သံလွင်မြစ်ခြားထားတယ်။ ဒီနေရာက။ ကျနော်တို့နဲ့ '၀' ဆက်ဆံရေး လမ်းကြောင်းကို ပိတ် ဆို့တဲ့သဘောရှိမှာပေါ့” ဟု သူက ဆိုသည်။
အဆိုပါလွယ်လန်းစခန်းမှာ ၀ နယ်နှင့် SSA အဖွဲ့များအတွက် စစ်ရေးအရ အချက်အခြာကျသော နေရာဖြစ်သည် ဟု တရုတ် - မြန်မာ နယ်စပ် စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း ယခုလို ပြောဆိုသည်။
“ဒီလွယ်လန်းစခန်းကနေ ဆုတ်ပေးလိုက်ရင် နောက်ထပ် ဆုတ်စရာ နေရာမရှိတော့ဘူး။ သံလွင်မြစ်ထဲ ခုန်ချရုံပဲရှိ တော့တယ်။ အဲဒီတောင်ကို ရသွားရင် '၀' နယ်က ပန်ဆန်းတို့ ပန်ယန်း အပါအဝင် မြို့တော်တော် များများကို အပေါ်စီးရသွားတာပေါ့။ လက်နက်ကြီးတွေတင်ပြီး ပစ်ရင် '၀' နယ်ကိုခြိမ်းခြောက်နိုင်ပြီပေါ့။ SSA အတွက်လည်း နောက်ဆုတ်ဖို့ နေရာမရှိတော့ဘူး” ဟု ဆိုသည် ။
SSA နှင့် အစိုးရတပ်တို့အကြား ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့ အထိ နှစ်ဘက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရာ SSA မှ သမ္မတဦးသိန်းစိန်ထံ စာရေးတင်ပြခဲ့သဖြင့် အဆိုပါ တိုက်ပွဲများ အဆုံးသတ်သွားကြောင်း ဗိုလ်မှူးကြီး စိုင်းထူးက ဆိုသည်။
ယခုအခါ နှစ်ဘက်တိုက်ပွဲများ ရပ်ဆိုင်းနေသော်လည်း SSA နယ်မြေအတွင်းမှ အစိုးရတပ်များ ဆုတ်ခွာခြင်း မရှိသေးကြောင်း စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် စကခ ၂ နှင့် စကခ ၁၇ လက်အောက်ခံတပ်များ မိုင်းရှူးအရှေ့ဘက်တွင် နေရာယူထားပြီး ထောင်ချီရှိသည့် အစိုးရတပ်များ တိုးချဲ့ချထားဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။
ယင်းသို့ ဖြေကြားခဲ့ပြီးနောက် လောလောဆယ်တွင် ဗမာ့တပ်မတော်မှ ခလရ ၃၃ ခလရ ၂၉၁ နှင့် ခမရ ၃၂၆ တို့က လွယ်လန်းစခန်း အထက်ဖက်ရှိ လွယ်စေးတောင်စခန်းကို ယနေ့ချိန်ထိ တိုက်စစ်ဆင်နေကြောင်း သိရသည်။