KIO နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတည်၌ မတ်လ ၁၁ ရက်မှ ၁၂ ရက်နေ့အထိ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဘက် ခိုင်မာသည့် အပစ်အခတ်ရပ်ဆိုင်းရေး ရသည်အထိ ဆောင်ရွက်သွားမည် ဆိုသည့် အချက်ကို နှစ်ဦးနှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲပြီးသည့်နောက် မတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်း တရုတ်စံတော်ချိန် ၁ နာရီခွဲခန့်တွင် KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် နှင့် မြန်မာအစိုးရ စစ်တပ်မှ စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဒုဗိုလ်ချုပ်ကြီး မြင့်စိုးတို့က မီဒီယာများကို ထိုသို့ ပြောကြားခြင်း ဖြစ်သည် ။
“ဒီကနေ့ ဆွေးနွေးပွဲမှာ အရေးကြီးတဲ့ ရလဒ်ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ် ပြီးတော့ ခိုင်မာတဲ့ အပစ် အခတ်ရပ် စဲရေး သဘောတူညီချက်ရတဲ့အထိ ဆက်လုပ်သွားမယ် ဆိုတဲ့အချက်တွေက အရေးကြီးပါတယ်။ ဒါတွေကို အကောင်အထည်ဖေါ်နိုင်တဲ့အထိ ဆက်လုပ်သွားမယ်လို့ လက်မှတ်ရေး ထိုးထား တာ ဖြစ်ပါတယ် ” ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
ထို့အပြင် အချက် ၄ ချက်ပါ ကြေငြာချက်တစ်စောင် ထုတ်ပြန်ရာတွင် နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုး ခဲ့သည့် အချက်များကိုထည့် သွင်းဖေါ်ပြထားသည်။
အဆိုပါ သဘောတူညီချက်များအနက် အရေးကြီးသည့် အချက်တစ်ခုမှာ တပ်ပိုင်းဆိုင်ရာကိစ္စများ ဖြစ်ပြီး ပြဿနာဖြစ်ပွား နိုင်သည့် ဒေသများ ရှိ နှစ်ဘက်တပ်တပ်ဖွဲ့များဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆက်လက် ဆွေးနွေးသွားမည်ဟု ကြေငြာ ချက်တွင် ဖေါ်ပြသည်။
“ခိုင်မာတဲ့အပစ်အခတ်ရပ်ဆဲရေး ဖြစ်ဖို့က နှစ်ဦးနှစ်ဘက် ညှိနှိုင်းမှုတွေဆက်လုပ်မယ်။ ဥပမာ နှစ်ဘက် နီးကပ်စွာရှိတဲ့ တပ် တွေ အဲဒီတပ် တွေ ကိစ္စပါ ဆက်လက်ပြီးတော့ ညှိနှိုင်းမှုတွေဆက်လုပ်မယ် ” ဟု ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး က ပြောသည်။
ထို့အပြင် ပဋိပက္ခဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကို ကွင်းဆင်းလေ့လာစောင့်ကြည့်နိုင်ရေးနှင့် နှစ်ဘက်ပိုမို နီးကပ်စွာ ညှိနှိုင်းဆောင် ရွက်နိုင်ရန်အတွက် ညှိနှိုင်းစောင့်ကြပ်ရေးရုံးများကို နှစ်ဘက်ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန်လည်း သဘောတူခဲ့သည်။
၄င်းဆွေးနွေးပွဲသို့ မြန်မာအစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုဗိုလ်ချုပ်ကြီး မြင့်စိုး ပါ၀င်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတမ်းကော်မတီဝင် ဦးဆွမ် လွတ်ဂမ် ဦးဆောင် သည့် KIO ကိုယ်စားလှယ် အဖွဲ့ တို့ တက်ရောက်ခဲ့သည်။
လေ့လာသူများအဖြစ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ကိုယ်စားလှယ် ၄ ဦး၊ SSPPမှ ကိုယ်စားလှယ် ၂ ဦး၊ RCSS မှ ကိုယ်စားလှယ် ၂ ဦး၊ NDAA မှ ကိုယ်စားလှယ် ၂ ဦး၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ကိုယ်စားလှယ် ၄ ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ သံမှူးကြီး Mr. Wang Zongying တို့ တက်ရောက်ခဲ့သည်။
KIOနှင့် အစိုးရတို့အကြား လာမည့် ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ နောက်တစ်ကြိမ်ဆွေးနွေးပွဲများ ထပ်မံပြုလုပ် သွားရန် သဘောတူညီ ထားကြောင်းလည်း သိရသည် ။