KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ ကချင်ဒုက္ခသည်များအား ကူညီရန် ယမန်နေ့က ဗန်းမော်မြို့မှထွက်ခွာလာ သည့် အလှူရှင်အဖွဲ့တစ်ဖွဲ့အား အစိုးရစစ်တပ်မှ လိုင်ဇာသို့ ဆက်မသွားရန် လမ်းတစ်ဝက်တွင် တားမြစ် ထားကြောင်း သိရသည် ။
လိုင်ဇာမြို့နှင့် ၁၀ မိုင်ကျော်ခန့်ဝေးသည့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး အစိုးရတပ်စခန်းတစ်ခုတွင် အဆိုပါ အလှူရှင်အဖွဲ့ တားမြှစ်ခံခြင်းဖြစ်ကြောင်း KIO မှ စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံ ဆလံကမ္ဘာ ဦးဒွဲပီဆာက သျှမ်းသံ တော်ဆင့်သို့ အတည်ပြုပြောသည် ။
“ဘယ်အဖွဲ့လဲတော့ အတိအကျမသိဘူး ။ လူအင်အား ၃၀ ကျော်လောက်ပါတဲ့အဖွဲ့တစ်ဖွဲ့ပေါ့နော်။ လိုင်ဇာ ကိုလာတဲ့ အခါမှာ ဒေါ့ဖုန်းယန်နားက အစိုးရစစ်တပ်က ဆက်မသွားဖို့ တားမြှစ်ထားတာပေါ့ ။ သူတို့ကို အိမ်ခြံဝန်း တစ်ခုမှာ ထားတယ် ။ ဒီမနက် ကျနော်တို့ဆီ ဆက်သွယ်လာတယ် ” ဟု သူက ပြောသည် ။
ယနေ့နံနက်ပိုင်းတွင် အဆိုပါ အဖွဲ့ KIO ထံ ဆက်သွယ်လာရာ KIO စစ်ပြေးဒုက္ခသည် အကူအညီပေးရေး အဖွဲ့အနေဖြင့် အဆိုပါကိစ္စ အကြောင်းပြန်နိုင်ရန် ဗဟိုကော်မတီထံ တင်ပြထားကြောင်း ဆက်ပြောသည် ။
“ဒီမနက် သူတို့ကိုခေါ်ထားတဲ့ နေရာကနေ ဒေါ့ဖုန်းယန်ထဲကို ရောက်လာတယ်။ သူတို့ကလိုင်ဇာကို မရောက်ရောက် အောင်သွားချင်တယ် ဆိုပြီး ရွာသားတွေကို ပြောတာပေါ့ ။ အဲဒါ ကျနော်တို့ဆီကိုလည်း အကြောင်းကြားလာပါတယ် ။ ကျ နော်တို့က ဒီကိစ္စကို အထက်ကို ပြန်တင်ပြထားတယ် ” ဟု ပြောသည် ။
ယမန်နှစ် ဒီဇင်ဘာလလယ်ပိုင်းက စတင်ခဲ့သည့် အစိုးရစစ်တပ်၏ လိုင်ဇာထိုးစစ်အပြီး စစ်ပြေးဒုက္ခသည်များ အား ကူညီ ရန် လိုင်ဇာမြို့သို့ ထွက်ခွာလာသည့် အခြားအလှူရှင် အဖွဲ့တစ်ဖွဲ့ကိုလည်း အစိုးရစစ်တပ်မှ တားမြှစ်မှု ပြုလုပ်ခဲ့သေး ကြောင်း သိရသည် ။
ယခုအခါ လိုင်ဇာမြို့အနီးရှိ ဒုက္ခသည်စခန်းများတွင် စစ်ပြေးဒုက္ခသည် ၂ သောင်းကျော်ခန့် ခိုလှုံရောက်ရှိ နေပြီး ၄င်းဒုက္ခ သည်များ အတွက် KIO မှ စစ်ပြေးဒုက္ခသည် ကူညီစောင့်ရှောက်ရေး အဖွဲ့နှင့် အခြား အလှူရှင်များက ကူညီပ့ံပိုး နေ ကြောင်း သိရသည် ။