မူစယ်မြို့ သျှမ်းနှစ်သစ်ကူးပွဲတွင် သျှမ်းဧရာဇ်ဆေခန်ဖှ ဆု ချီးမြှင့်မည်

မူစယ်မြို့ သျှမ်းနှစ်သစ်ကူးပွဲတွင် သျှမ်းဧရာဇ်ဆေခန်ဖှ ဆု ချီးမြှင့်မည်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ လွိုင်တိန်းခမ်းတောင်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၄ ရက်တာ ကျင်းပမည့် သျှမ်းနှစ်သစ်ကူးပွဲတော် အခါသမယ၌ သျှမ်းစာပေနှင့် လူမှုရေးအကျိုး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများအား ပေးအပ်လေ့ရှိသည့် “စဝ်ဆေခန်ဖှဆု” ချီးမြှင့်မည့် အစီအစဉ် ပါ၀င်ကြောင်း သိရသည်။

Sai-Fa-couple

ယခုနှစ်တွင် သျှမ်းလူမျိုးများ နေထိုင်ရာ ဒေသအနှံ့ စာပေ လိုက်လံသင်ကြားပို့ချပေးနေသည့် သျှမ်းစာပေ သင်တန်းမှူး စိုင်းဖှအား အဆိုပါ ဆုချီးမြှင့်မည် ဖြစ်ကြောင်း မူစယ်မြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အတွင်းရေးမှူး စိုင်းကျောက်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဆေခန်ဖှဆု ဆိုတာ လူမှုရေးနဲ့ စာပေအကျိုး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူတွေကို ပေးတဲ့ဆုပေါ့နော်။ ဒီနှစ် ဆုချီးမြှင့်ခံရတဲ့ စိုင်းဖှကျတော့ စာပေပိုင်းမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ပေါ့။ နယ်လှည့်ပြီး သျှမ်းစာပေတွေကို သင်ကြားပေးတယ်။ တစ်နှစ်လုံးနေလို့ အိမ်မှာ တစ်လတောင် မနေရဘူးပေါ့နော် ဒါကြောင့်သူ့ကို ဆုချီးမြှင့်တာပါ ” ဟု ဆိုသည်။

အဆိုပါဆုကို မူစယ်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးစီးချီးမြှင့်ခြင်းဖြစ်ပြီး စိုင်းဖှမှာ ပဥ္စမမြောက်ဆုလက်ခံရရှိသူ ဖြစ် ကြောင်း သိရသည်။

သျှမ်းဧကရာဇ် စဝ်ဆေခန်ဖှ

“ဒီဆုက နှစ်စဉ် တစ်နှစ်တစ်ကြိမ်ပေးတာတော့ မဟုတ်ဘူး။ ဒီရှေ့မှာ လူမှုရေး ဆောင်ရွက်သူ  ၄ ဦးကို ပေးပြီးပြီ။ ဒါက ၅  ကြိမ်မြောက်ပေါ့။ စိုင်းဖှက နမ္မတူမြို့နယ် ဇာတိ ၊ လက်ရှိ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာ နေထိုင်တယ် ” ဟု စိုင်းကျောက်က ဆက်ပြောသည်။

လာမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျရောက်မည့် သျှမ်းမျိုးနွယ်စုဝင်များ၏ ၂၁၀၇ ခုနှစ်ပြည့် နှစ်သစ်ကူးပွဲတော်ကို မူစယ်မြို့ လွယ်တိန်းခမ်းတောင်ပေါ် ဘုန်းတော်ကြီးကျောင်းတွင် သျှမ်းမျိုးနွယ်ဝင်များ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။