KIO ဋ္ဌာနချုပ်အနီး အစိုးရတပ် လှုပ်ရှားမှု စိပ်လာ

KIO ဋ္ဌာနချုပ်အနီး အစိုးရတပ် လှုပ်ရှားမှု စိပ်လာ
by -
သျှမ်းသံတော်ဆင့်

KIO ဋ္ဌာနချုပ် တည်ရှိရာ တရုတ်နယ်စပ် လိုင်ဇာမြို့အနီးတစ်ဝိုက်တွင် အစိုးရတပ်၏ စစ်ရေးလှုပ်ရှားမှု ပိုစိပ်လာသဖြင့် နှစ်ဘက်တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်ကြောင်း KIA နှင့် ကျောင်းသားတပ် စစ်ဘက်သတင်း ရပ်ကွက်များက ဆိုသည်။

အစိုးရတပ်များက လိုင်ဇာမြို့ အပြင်စည်း လုံခြုံရေးယူထားသော ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တပ်စခန်းများ အနီးတစ်ဝိုက်၌ ယခုရက်ပိုင်းအတွင်း လှုပ်ရှားမှု ပိုများလာသည့်အတွက် ၎င်းတို့တပ်များ အသင့် ပြင်ဆင်ထားကြောင်း ကျောင်းသားတပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အစိုးရတပ်တွေ တက်လာလို့ မနေ့ကတည်းက ပြင်ထားတယ်။ မိုးလဲချောင်း တစ်ဝိုက် မန်မော် ၊ မန်သဲရွာ ဘက်မှာ သူတို့ စစ်ကြောင်းတွေ ပျောက်သွားလိုက် ပေါ်လာလိုက် လှုပ်ရှားမှုတွေ မပြတ်ရှိနေတယ်။ စစ်ကစားနေတာပေါ့။ တပ်တွေတော့ အသင့်လုပ်ထားရတယ်။ တကယ်လို့ တက်လာရင် အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်” ဟု ၄င်းက ဆိုသည်။

ယမန်နေ့ကလည်း ကချင်ပြည်နယ် ပန်ဝါမြို့မြောက်ဘက် တရုတ် - မြန်မာ နယ်ခြားမှတ်တိုင် အမှတ် ၅ ၊ ၆ ၊ ရ တစ်ဝိုက် နေရာနှစ်ခုတွင် KIA နှင့် အစိုးရတပ်တို့ အကြား တစ်နေ့လုံးနီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အမည်မဖေါ်လိုသူ  KIA အရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း အစိုးရတပ်မှ စစ်ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်သဖြင့် KIA ဘက်မှ ၁ ဦးကျဆုံး၍ ၁၀ ဦးခန့် ဒဏ်ရာရရှိပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သူက ဆက်ပြောသည် ။

“ပန်ဝါတိုက်ပွဲကတော့ ဦးစခုန်တိန့်ယိမ်းက သူ့ရဲ့ဘိန်းစိုက်ဧရိယာမှာ အနှောင့်အယှက် ဖြစ်တော့ မပခ တပ်တွေ ခေါ်ပြီး ၀င်တိုက်တာပါ မနေ့မနက် ၆ နာရီလောက်ကနေ ညအထိ တစ်နေကုန်ဖြစ်တယ် ခလရ ရ၄ ၊ ရ၇ ၊  ၂၆၀ အဲဒီတပ်တွေ ပါတယ် ရဟတ်ယာဉ်တွေပေါ်ကနေလည်း ပစ်တယ် ဒီမနက်တော့ လေယာဉ်ပျံတွေ ထပ်ကြားရတယ်လို့ သိရတယ် တိုက်ပွဲ သတင်းတော့ အတိအကျမသိရသေးဘူး” ဟု ဆိုသည်။

အစိုးရတပ်များ ဋ္ဌာနချုပ် လိုင်ဇာမြို့ တစ်ဝိုက် လှုပ်ရှားမှုရှိနေပြီး ယမန်နေ့က  လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ရှိကြောင်း ဆိုသည်။

“မနေ့က ဒေါ့ဖုန်းယန် - ဗန်းမော်ကားလမ်းပေါ်ကနေ ၈၁ မမစိန်ပြောင်းနဲ့ ၁၅ ချက်လောက် လိုင်ဇာဘက် လှမ်းပစ်တယ်။ လျှောက်ပစ်တာဆိုတော့ တောထဲပဲကျတယ် ။ သူ့ဘက် ကိုယ့်ဘက်ပေါ့ လှုပ်ရှားမှုတွေ ကတော့ ရှိနေတာပေါ့ ” ဟု ၄င်းအရာရှိက ဆိုသည်။

အလားတူ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပန်ဝါဒေသနှင့် သျှမ်းပြည် (မြောက်ပိုင်း ) မုံးကိုးဒေသတို့ တွင်လည်း KIA နှင့် အစိုးရ တပ်ဖွဲ့အကြား တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း သိရသည်။