လက်နက်ကိုင် တော်လှန်ရေး အကြောင်း မသိလျင် စစ်မှန်သည့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်

လက်နက်ကိုင် တော်လှန်ရေး အကြောင်း မသိလျင် စစ်မှန်သည့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်
by -
သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံ၌ တိုင်းရင်းသားများ လက်နက်ကိုင် တော်လှန်နေသည့် အကြောင်းရင်းကို မသိပါက စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် မဟုတ်ကြောင်း “Martin Luther King Prize” ဆုရှင် ဒေါက်တာ ဆလိုင်းလျန်မှုန်း က ပြောသည်။

Paul Keenan နှင့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း

“ဘာကြောင့် လက်နက်ကိုင် တိုက်ပွဲဝင်ရသလဲဆိုတဲ့ အကြောင်းရင်းကို မသိရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးကို မတည်ဆောက်နိုင်ဘူး။ နောက်ထပ် လက်နက်ကိုင် တော်လှန်တာကိုလည်း တားဆီး နိုင်မှာ မဟုတ်ဘူး” ဟု Burma Centre of Ethnic Studies (BCES) ဒါရိုက်တာ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောပါသည်။

မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အားလုံးနီးပါး၏ အကြောင်းများကို ရေးသား ထားသည့် စာမျက်နှာ ၂၆၈ ပါPaul Keenan ရေးသားသော “By Force of Arms” စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို Burma Centre of Ethnic Studies (BCES) က ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီ ချင်းမိုင်တက္ကသိုလ်ဝင်းရှိ Uniserv အဆောက်အဦး၌ ပြုလုပ်ကျင်းပခဲ့သည်။

“တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရချင်ရင်တော့ ကျနော်တို့ အချင်းချင်း နားလည်မှု ရှိရမယ်။ နောက် ယုံကြည်မှု တည်ဆောက်ရမယ်။ ကျနော်တို့ အချင်းချင်း နားလည်မှုမရှိ၊ ယုံကြည်မှုလည်း မရှိရင် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူး။ ဒီစာအုပ်ဟာ နှစ် ၆၀ ကျော်ကြာ ဖြစ်ပွားလာတဲ့ ပြည်တွင်း ပဋိပက္ခကို ဖြေရှင်းဖို့ နည်းလမ်းရှာနေတဲ့သူတွေအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်း က ပြောသည်။

By Force of Arms

ငြိမ်းချမ်းရေး၊ သင့်မြတ်ရေး၊ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်၊ လူ့အခွင့်အရေးများကို အားပေးရန် ရည်ရွယ်၍ ၂၀၁၁ မတ်လအတွင်း Burma Centre of Ethnic Studies (BCES) ကို စတင်ထူထောင် ခဲ့သည်။

BCES မှ ပထမမြောက် စာအုပ်အဖြစ် မြန်မာဘာသာဖြင့် ရေးသားသော ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၏ “ဒီမိုကရေစီ ကျင့်စဉ်တရားများ” စာအုပ်ကို ၂၀၁၂ ဩဂုတ်လအတွင်း ထုတ်ဝေဖြန့်ချီခဲ့သည်။ မြန်မာနိုင်ငံအတွင်း အုပ်ရေ ၁၅၀၀၀ ကျော် ဖြန့်ချီခဲ့ကြောင်း၊ နေပြည်တော် တစ်မြို့ထဲတွင် အုပ်ရေ ၁၀၀၀ ခန့် ဖြန့်ချီခဲ့ကြောင်း ဆို၏။ “By Force of Arms” စာအုပ်မှာ ဒုတိယမြောက် စာအုပ်ဖြစ်သည်။ မြန်မာဘာသာဖြင့် စာအုပ်ပေါင်း ၁၂ အုပ် ထပ်မံထုတ်ဝေဖြန့်ချီရန် စီစဉ်လျက်ရှိကြောင်း သိရသည်။