ဝ နှင့် မိုင်းလားနယ်မြေသို့ ဦးအောင်မင်းရောက်ရှိ

ဝ နှင့် မိုင်းလားနယ်မြေသို့ ဦးအောင်မင်းရောက်ရှိ
by -
သျှမ်းသံတော်ဆင့်

မြန်မာအစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့ အထူးဒေသ ၂ ဌာနချုပ် ပန်ဆန်း နှင့် အထူးဒေသ ၄ မိုင်းလားမြို့သို့  လည်ပတ်ရန် ယနေ့နေ့ခင်းပိုင်း၌ ရဟတ်ယာဉ်နှစ်စီးဖြင့် ရောက်ရှိလာကြောင်း တရုတ်နယ်စပ်သတင်းရပ်ကွက် ကပြောသည်။

“ရဟတ်ယာဉ် ၂ စီးလာတယ်။ ဝေဟင်က အင်အားနဲ့ မြေပြင်ကလာတဲ့အင်အား စုစုပေါင်း ၅၀ လောက်ရှိမယ်။ မိုင်းလားကို မွန်းတည့်မှာ ရောက်တယ်။ ၃ နာရီမှာ ဆီလူးကိုသွားတယ်။ ဒီည ကျိုင်းတုံကို သွားအိပ်မယ်။ နက်ဖြန် ဝ ပြည်နယ်ကို သွားမယ်” ဟု မိုင်းလားတပ်ဖွဲ့နှင့်နီးစပ်သူတဦးက ဆိုသည်။

ဦးအောင်မင်းနှင့်အတူ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ တတိယ ဥက္ကဌ ဦးသိန်းဇော်၊ ပြည်ထောင်စု နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ၊ သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဦးအောင်သူ အပြင် လားရှိုးအခြေစိုက် ရမခ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းမှူးူ ဗိုလ်မှူးချုပ် သန်းထွန်းဦး တို့ ဟက်စကီးဖြင့် ရောက်ရှိကြောင်း၊ ကားဖြင့်လည်း လုံခြုံရေးအင်အား ၃၀ ကျော် ရောက်ရှိကြောင်း စုစုပေါင်းအင်အား ၅၀ ကျော် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

မိုင်းလားအရာရှိများနှင့်နီးစပ်သည့် အခြားပုဂ္ဂိုလ်တဦးကလည်း “မွန်းတည့်မှာ မိုင်းလားကိုရောက်လာကြတယ်။ ၁ နာရီခွဲအထိ စကားပြောတယ်။ ပြီးရင်နေ့လည်စာစားကြတယ်။ နေ့ခင်း ၂ နာရီခွဲ မိုင်းလားမြို့မှာလည်ကြပတ်ကြတယ်။ ၃ နာရီမှ တပ်မဟာ ၃၆၉ ဆီလူးကိုသွားကြတယ်။” ဟု ပြောဆိုသည်။

မိုင်းလားတပ်ဖွဲ့ဘက်က ဥက္ကဌကြီး ဦးစိုင်းလင်းမှအစ အကြီးအကဲများအားလုံး ပါဝင် တွေ့ဆုံခဲ့ကြကြောင်း၊ မိုင်းလားမြို့ ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေး တင်ပြချက်မှလွဲ၍ တခြားသောတောင်းဆိုမှု မရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဦးအောင်မင်းက မိုင်းလားခရီးစဉ်မှာ မိမိ၏ ပထမဆုံးသောခရီးစဉ်ဖြစ်ပြီး ရင်းနှီးမှုတည်ဆောက် ရေးအတွက် ခရီးစဉ်ဖြစ်ကြောင်း၊ သဘောတူညီမှုများကို လက်တွေ့အကောင်အထည်ဖော်ဖို့ တွေ့ဆုံပြောဆိုရာ၌ ထည့်သွင်း ပြောဆိုသွားကြောင်း သိရသည်။

ဦးသိန်းဇော်ကမူ - ဆွေးနွေးကြစဉ်က တင်ပြသော မိုင်းလား၏ တောင်းဆိုချက်များကို ဖြစ်မြောက်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးသွားမယ် ဖြစ်ကြောင်း၊  မိုင်းလားမှ တင်ပြထားသော သစ်လုပ်ခွင့် တန်ချိန် ၁ သောင်းအတွက် လောလောဆယ် တန်ချိန် ၁ ထောင် လုပ်ရန် ပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် သတ္တုတွင်း၊ လျှပ်စစ်မီးထုတ်လုပ်ရေးစီမံကိန်းစသည် တို့ကိုလည်း လုပ်ခွင့်ပေးကြောင်း သိရသည်။

စစ်ရေးနှင့်ပတ်သက်၍ မိုင်းလားတပ်ဖွဲ့အား ၂၀၀၈ ဖွဲ့စည်းပုံ အတိုင်းလုပ်သွားရန် ဦးသိန်းဇော်က တိုက်တွန်းခဲ့သည်ဟု ဆို၏။ လာမည့် လွှတ်တော်အစည်းအဝေး သို့လည်း မိုင်းလားဘက်မှ ကိုယ်စားလှယ်များအား လေ့လာ နိုင်ရန် ပို့ပေးစေ လိုကြောင်း ပြောခဲ့သည်ဟု နီးစပ်သူများကပြောဆိုသည်။

“ငွေက ကျပ်သိန်း ၆၀၀ ကျော် ပေးသွားတယ်။ ကျပ်သိန်း ၄၀၀ က လစာငွေ ၂ လစာ ပေါ့။  တလ ၂၀၀ သိန်းပေးမယ်လို့ ဆွေးနွေးပွဲမှာသဘောတူထားတာကိုး။ ကျန်တဲ့သိန်း ၂၀၀ က ဆန်ဖိုး  ၂ လစာ။ မြန်မာအစိုးရက ပေးသွားပါတယ်” ဟု အဆိုပါ နီးစပ်သူက ပြောသည်။   

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဦးအောင်မင်းသည်  ၀ တပ်ဖွဲ့ဒေသဖွံ့ဖြိုးရေး (ပန်ဆန်း -မန်းဆိုင်လမ်း တည်ဆောက်ရန်) လုပ်ငန်းအတွက် ကျပ်ငွေ သန်း ၄၀၀ ထောက်ပံ့ပေးရန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ပန်ဆန်းကသက်ဆိုင်ရာအရာရှိတွေရဲ့ အဆိုအရတော့ တစ်ကီလိုမီတာကို တရုတ်ငွေ ၂ သန်း  (မြန်မာငွေ ကျပ် သန်း ၂၇၀ ) ကုန်ကျတယ်လို့သိရပါတယ်” ဟုလည်း ဆိုသည်။

ဦးအောင်မင်းနှင့်အဖွဲ့သည် နက်ဖြန်မနက်ပိုင်း ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် အထူးဒေသ ၂ ၏ မြို့တော် ပန်ဆန်းသို့ သွားရောက်လည်ပတ်ဦးမည်ဖြစ်ကြောင်းသိရသည်။

ဝ တပ်ဖွဲ့သည် ယမန်နှစ်အတွင်း စက်တင်ဘာလ ၆ ရက် တွင် ပဏာမအပစ်ရပ်ရေးအဆင့်၊  အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်ထောင်စုမှ မခွဲထွက်ရေးအပါအဝင် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးအစရှိပါ သည့် ပြည်ထောင်စုအဆင့် ပထမ အကြိမ် မြန်မာအစိုးရနှင့် တွေ့ဆုံခဲ့ကြ၏။ ဒီဇင်ဘာလ ၂၆ ရက် ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်တွေ့ဆုံမှုမှာမူ လွှတ်တော် ၃ ရပ်၌ ဝ ကိုယ်စားပြုလွှတ်တော်အမတ် ထားရှိရေး စသဖြင့် ဆွေးနွေးထားခဲ့ဖူးသည်။ မိုင်းလားတပ်ဖွဲ့မှာမူ ယမန်နှစ် စက်တင်ဘာလ ရ  ရက် တွင် ပဏာမအဆင့်၊ အောက်တိုဘာလ ၉ ရက်တွင် ပြည်ထောင်စုအဆင့် ပထမအကြိမ် နှင့် ဒီဇင်ဘာလ ၂၇ ရက်တွင် ဒုတိယအကြိမ် မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

Most read this week