တရုတ်တရားရုံးမှ သေဒဏ်ချမှတ်ခံခဲ့ရသည့် ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့်နီးစပ် သည်ဟု နာမည်ထွက်နေသူ ထိုင်းအမျိုးသား တဦး၏နေအိမ်အား ထိုင်းအာဏာပိုင်များမှ ယမန်နေ့က ဝင်ရောက်စီးနင်းကာ ပိုင်ဆိုင်မှုအားလုံး သိမ်းပိုက်လိုက်ကြောင်း ထိုင်းသတင်းများ၌ ဖော်ပြသည်။
“အိမ်နီးချင်းနိုင်ငံနဲ့ဆက်နွယ်နေတယ်လို့ ယူဆတဲ့ မူးယစ်ဆေးဝါးနဲ့ နာမည်ထွက် နေတဲ့သူ တွေကို ဆက်လက်စစ်ဆေး သွားမယ်။ အခုလို ရှောင်တခင်ဝင်စစ်တာကိုလဲ ခဏခဏလုပ်သွားမယ် ” ဟု ထိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အတွင်း ရေးမှူး ရဲဗိုလ်ချုပ်ကြီး ဖုံးစဖတ် ဖုံးဂျရွန်းက ပြောသည်။
စိုင်းနော်ခမ်း နှင့်နီးစပ်သူဟု နာမည်ကြီးနေသော ထိုင်းနိုင်ငံ ချင်းရိုင်းသား ပူနွတ်၏ (ချင်းရိုင်းခရိုင်အတွင်းရှိ) နေအိမ် ၄ လုံးကို ထိုင်းမူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးအဖွဲ့က အင်အား ရ၀၀ ကျော်သုံး၍ဝင်ရောက် ရှာဖွေခဲ့ကြောင်း၊ ၎င်း၏ ပိုင်ဆိုင်မှုတန်ဘိုး ဘတ်သန်း ၂၀၀ ခန့်အား သိမ်းပိုက်လိုက်ကြောင်း၊ ပူနွတ် ဆိုသူမှာ ကြိုတင်ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့ ကြောင်း၊ ၎င်း၏ အိမ်ဖော်တဦးကိုသာ တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်း များက ဖော်ပြကြသည်။
အလားတူ ချင်းရိုင်းခရိုင်အတွင်း မြို့နယ် ၃ ခုတွင်လည်း စစ်ဆေးရေး ဂိတ်နေရာ ၄၀ ခန့် ချ၍စစ်ဆေးခဲ့ ကြောင်း ချင်းရိုင်းဒေသခံများကပြောသည်။
ထိုင်းရဲများ၏ ယမန်နေ့က ရှောင်တခင်စစ်ဆေးမှုအပါအဝင် နော်ခမ်းနှင့်ပတ်သက်ဆက်နွယ်သူများထံမှ ယာဘ အပြား ၁ သန်းကျော်နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းတန်ဖိုး ဘတ်သန်း ၅၀၀ ဖိုးခန့် ဖမ်းဆီးမိပြီးဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပါမိတ်ရပ် လမ်းသွယ် ၃ ရှိ ပူနွတ်၏ နေအိမ်အား ပြီးခဲ့သည့် တနှစ်ခန့်က ထိုင်းနှင့် မြန်မာ အာဏာပိုင်များ ဝင်ရောက်စစ်ဆေးမှုပြုခဲ့သေးသည်။ သို့သော် ထိုစဉ်က မူးယစ်ဆေးဝါးနှင့်ပတ်သက် သည့် ပစ္စည်းများ တရားဥပဒေနှင့် ဆန့်ကျင်သည့် ပစ္စည်းတစ်စုံ တစ်ရာ မတွေ့ခဲ့ရပေ။
ပူနွတ် ဆိုသူသည် Kings Romans Casino လောင်းကစားရုံ ကြီးကြပ်ရေးမှူးတဦး ဖြစ်ပြီး ငယ်နာမည် ဂျမ်းရတ် ဖာ့ဂျရိန်းဖြစ်၏။ ထိုနောက်ပိုင်း အိုးလန်း ဖာ့ဂျရိန်း၊ ဂျမ်းရတ် ဆုမ်ဖုန်းဖန်း စသည့်နာမည်များ ပြောင်းလဲခေါ် ဝေါ်သည် ဟုဆိုသည်။
အသက် ၅၈ နှစ်ခန့်ရှိ ပူနွတ်(ဦးနှုတ်ခမ်းမွေးအဓိပ္ပါယ်ရ) သည် မယ်ဆိုင်ဇာတိဖြစ်ပြီး ၂၀၀၁ ခုနှစ် နယ်စပ် အရေး အခင်း အတွင်း ထိုင်းနိုင်ငံမှတိမ်းရှောင်ခဲ့ဖူးသည်။ သျှမ်းပြည်အရှေ့ပိုင်း သျှမ်းအမျိုးသမီး တဦး နှင့်အိမ်ထောင်ပြုခဲ့သည်။ ထို့ နောက်ပိုင်း ဇာတိမြေသို့ ပြန်လာပြီး မယ်ဆိုင်မြို့ သျှမ်းတိုင်းရင်းသားအစည်း အရုံး ၏ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသူ လည်းဖြစ်သည်။ ၎င်းသည် ယမန်နှစ်က ဒု-ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ဖူးသူ ဆန်တီ ချိုင်းဝိရတ်တန ဆိုသူအသတ်ခံရမှုဖြင့် ရဲဘက်မှအလိုရှိနေသူလည်း ဖြစ်ကြောင်း သိရသည်။
စိုင်းနော်ခမ်းမှာ တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တော်တရားရုံး၌ ယခင်အပတ်က သေဒဏ်ချမှတ်ခဲ့ပြီး ဖြစ်သည်။