ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ထက်ဆင်ရှင်နဝပ် အား လုပ်ကြံမည့်သူဟု သံသယဖြင့် စွပ်စွဲခံထားရသည့် တာချီလိတ်မြို့မှ တရားခံမှာ စစ်ဆေးတွေ့ရှိချက်အရ ဖြစ်နိုင်မှု မရှိဘဲ အကွက်ဆင်မှု တခုသာ ဖြစ်နိုင်ကြောင်း ထိုင်းနှင့် မြန်မာရဲအရာရှိများက သုံးသပ်ပြောဆို ကြသည်။
“တကယ်လို့ ကိုယ်ကသာ လက်ဖြောင့်သမားဆိုရင် မုန့်ရောင်းစားမှာလား။ စုံထောက်တို့ သူလျှိုတို့ ဆိုရင် တမျိုးပေါ့။ သူတို့က တိုးကျိုးမုန့်ရောင်းသမား လုပ်စားမယ်ဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူး” ဟု အမည်မဖော်လိုသည့် ထိုင်းအရာရှိတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ထက်ဆင်က နေပြည်တော်သို့ နိုဝင်ဘာ ၈ ရက်နေ့၌ အလည်အပတ် ရောက်ရှိမည်ဖြစ်ပြီး ထိုမှတဆင့် ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့သို့ လာရောက်လည်ပတ်မည်ဟု သတင်းများ ထွက်ပေါ်နေစဉ် တာချီလိတ်မြို့အတွင်း လှည်းဖြင့် မုန့်လှည့်လည်ရောင်းချနေသည့် ဆမ်ပူးဆိုသူထံမှ အာပီဂျီဗုံးသီး (၃)လုံး၊ ပို့ကျည်(၃)တောင့်၊ M 16 ကျည်ကဒ် ၁ ခုနှင့် ၅.၅၆ ကျည် ၁၀ တောင့်တို့ကို နိုဝင်ဘာ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆမ်ပူးက ၀န်ကြီးချုပ်ဟောင်း ထက်ဆင်အား လှုပ်ကြံမည့်သူဖြစ်ကြောင်း လက်ရှိ ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု ထိုင်းသတင်းစာများ၌ ရေးသားဖော်ပြသည်။
“ထက်ဆင် က တာချီလိတ်ကို လုံးဝ မလာချင်ဘူး။ ထိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ သူ့ညီမကလည်း မလာစေ ချင်ဘူး။ သူမ မျက်နှာပူတာပေါ့။ တက်ဆင်ရဲ့တပည့်တွေက လာစေချင်တယ်။ အဲဒါကြောင့် အကွက်ရှာ တာလည်း ဖြစ်နိုင်တယ်” ဟု အမည်မဖော်လိုသည့် အဆိုပါ ထိုင်းရဲအရာရှိက ပာသည်။
အတည်ပြု၍ မရသည့် သတင်းများအရ လားဟူပြည်သူ့စစ်ဘက်မှ ထက်ဆင်အား လုပ်ကြံမည်ဟု သတင်းများထွက်ပေါ် နေပြီး အကယ်၍ ထက်ဆင် အား လုပ်ကြံမည်ဆိုပါက မုန့်ရောင်းစားနေသူအား ဌားရမ်းမည် မဟုတ်ကြောင်းနှင့် ၎င်းတို့တွင် ကျွမ်းကျင်သည့် လက်ဖြောင့်တပ်သားများ ရှိနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အလားတူ တာချီလိတ်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကလည်း “ဆမ်ပူး မုန့်ရောင်းတဲ့အခါ ကျနော်တို့ ဆိုင်ရှေ့မှာ လာရပ်တတ်တယ်။ သူ့ရဲ့ကိုယ်ရေးရာဇဝင်ကိုတော့ မသိရဘူး။ ဒါပေမဲ့ သူက မိုင်းလား၊ မိုင်းပေါက်၊ မိုင်းဖျန်က သူဌေးတွေနဲ့ အလုပ်လုပ်ဖူးတယ်လို့ ပြောပြဖူးတယ်။ အဲဒီသူဌေးတွေရဲ့ ပစ္စည်းတွေ ဖြစ်နိုင်တယ်” ဟု ခန့်မှန်း ပြောဆိုသည်။
လွန်ခဲ့သည့် ၂၀၀၄-၂၀၀၅ ခုနှစ် ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင် လက်ထက်က "၀" ပြည်သွေးစည်းညီ ညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့မှ ၎င်းအား လုပ်ကြံမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း UWSA ဖက်မှ မဟုတ်မှန်ကြောင်းနှင့် ကောဠဟာလသာ ဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။
“တကယ်လို့ "၀" က လုပ်ကြံမယ်ဆိုရင်လည်း "၀" တပ်ဖွဲ့တော့ မဖြစ်နိုင်ဘူး။ ပုဂ္ဂလိက ဆိုရင်တော့ဖြစ် ကောင်းဖြစ်နိုင်တယ်။ "၀" သူဌေးတွေမှာ လက်ဖြောင့်သမားတွေ တန်းစီနေတာဘဲ။ လှည်းနဲ့ မုန့်ရောင်းနေတဲ့ သျှမ်းလူမျိုးကို လာငှားမှာလား။ လုံးဝ မဖြစ်နိုင်ဘူး။ တခြားတယောက်ကိုဘဲ ငှားမှာ ပေါ့” ဟု "၀" တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အလားတူ တာချီလိတ်သည် နယ်စပ်မြို့ဖြစ်သည့်အတွက် မူးယစ်ဆေးဝါးများ၊ လက်နက်များ ဖမ်းဆီးမိခြင်းသည် အဆန်းမဟုတ်ကြောင်း၊ ဤကဲ့သို့ လက်နက်ဖမ်းမိခြင်းသည် ထက်ဆင် အား လုပ်ကြံမည့်ကိစ္စနှင့်သက်ဆိုင် သည်ဟု မမြင်ကြောင်း တာချီလိတ်မှ ရဲအရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ထက်ဆင်အား လုပ်ကြံမည့်သတင်းများ ထွက်ပေါ်လာသည့်နောက် ၎င်းအနေဖြင့် တာချီလိတ်သို့ လာရောက် တော့မည် မဟုတ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။