သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်နမ့်ဆန်မြို့တွင် ယနေ့ မနက်ပိုင်း က မီးလောင်ရာ နေအိမ် ၅၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများကပြောပါသည်။
“နေ့ခင်းပိုင်းမှာ မီးညွန့်ကျိုးသွားပါပြီ။ ဘယ်ကစလောင်သလဲဆိုတာတော့ စုံစမ်းနေဆဲပါ။ မြို့လယ် ရပ်ကွက်နဲ့ နမ့်မွန်းရပ်ကွက်မှာ လောင်တာ။ အိမ်ခြေ ၅၀ လောက်ပါသွားတယ်” ဟု နမ့်ဆန်မြို့ဒေသခံ ဆရာဦးအောင်ထွန်းက သျှမ်းသံတော်ဆင့်အားပြောပါသည်။
ယနေ့မနက် ၁၀ နာရီကျော်အချိန် မြို့လယ်ရပ်ကွက်မှ မီးစလောင်သည်ဟု သာ သိရပြီး မီးလောင်ခြင်း အကြောင်းရင်းကိုမူ မသိရသေးပါ။ မီးလောင်မှုအား နမ့်ဆန်မြို့ မီးသတ်ကား ၂ စီး၊ ရေသယ်ကားတစီး နှင့် ပုဂ္ဂလိကကုမ္မဏီမှ မီးသတ်ကားတစီး စုစုပေါင်း ၄ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ် ခဲ့ရကြောင်း မီးငြိမ်းသတ်ရေး၌ ပါဝင်သူလူငယ်တဦးက ပြောသည်။
“အခုလောလောဆယ် ဒုက္ခသည်က ၃၀၀ လောက်ရှိတယ်။ ဘုန်းကြီးကျောင်းတွေမှာခိုလှုံနေရ တယ်။ ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်း ခန့်မှန်းခြေ ကျပ်သိန်းပေါင်း ၂ သောင်းလောက်ရှိမယ်” ဟု ကူညီရေးလုပ်ငန်း လှုပ် ရှားဆောင်ရွက်နေသည့် ဆရာအောင်ထွန်းက ခန့်မှန်းပြောဆိုသည်။
တဖက်ကလည်း နမ့်ဆန်မြို့တဝိုက်တွင် တအာင်း ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့အား အောက်တိုဘာလဆန်းကစ၍ ယနေ့အထိ မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသလို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများအား မြန်မာစစ်တပ်က ဖမ်းဆီး စစ်ဆေးမှု ပြုလုပ်နေကြောင်း ပလောင်(တအာင်း)အမျိုးသမီးအစည်းအရုံး၏ အင်တာနက် စာမျက်နှာ တွင်ဖော်ပြထားသည်။