၁၄ ပြည်နယ် ပြည်ထောင်စုကို လက်မခံကြောင်း SNLD ပြော

၁၄ ပြည်နယ် ပြည်ထောင်စုကို လက်မခံကြောင်း SNLD ပြော
by -
သျှမ်းသံတော်ဆင့်

ယနေ့ကျရောက်သော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၄ နှစ်ပြည့် မွေးနေ့တွင် အဖွဲ့ချုပ်မှ ကြေငြာချက်တစောင် ထုတ်ပြန်ရာ ပြည်ထောင်စုအမည်အား တိုင်းရင်းသားအမည်ဖျက်၍ အမည်သစ်ဖြင့်ဖွဲ့စည်းမည့် ပြည်ထောင်စုပုံသဏ္ဌာန်ကို လက်မခံ၊ ပြတ်ပြတ်သားသားဆန့်ကျင်သည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သတင်းထောက်များမေးမြန်းမှုကိုဖြေကြားနေသော ပါတီပြောခွင့်ရ စိုင်းလိတ်
ကြေညာချက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအမည်အား တိုင်းရင်းသား နာမည်ဖျက်၍ ကမ္ဘောဇ၊ ရာမည၊ ကန္တရဝတီ၊ ဥတ္တရသီရ၊ ဇေယျာသီရိ အစ ရှိသည့် နာမည်ဖြင့်အစားထိုးကာ ၁၄ ၊ ၁၅ ပြည်နယ်ခွဲပြီး ပြည်ထောင်စု အသစ်ထပ်မံတည်ဆောက်မည်ဆိုပါက လုံးဝလက်ခံ မည် မဟုတ်။ ၈ ပြည်နယ်ဖြင့်ဖွဲ့စည်းသော ပြည်ထောင်စုဆိုပါက လက်ခံနိုင်မည်ဖြစ်ကြောင်း စသည့် အချက်များ အပါအဝင် အဓိက အချက် ၈ ချက်ပါဝင် သည်ဟု စိုင်းလိတ်ကပြောသည်။

“ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ထုတ်ပြန်တဲ့ ၁၄ ပြည်နယ်ပါ ပြည်ထောင်စုဖွဲ့စည်းမယ်ဆိုတာနဲ့ ပတ်သက်နေလား လို့မေးလာရင် အဲတာကို အဓိကပြောချင်တာဘဲလို့ဖြေရပါလိမ့်မယ်။ ၁၉၄၇ အရဆိုရင် ဗမာအပါအဝင် တိုင်းရင်းသားတွေ တယောက်တကျပ်စီ ဘဲရှိရမယ်လေ။ အခုက တိုင်းရင်းသားတွေ တယောက်တကျပ်ရနေပြီး ဗမာက ရ ကျပ်ရနေတာတော့ ကျနော်တို့ လက်မခံနိုင်ဘူး။ အဲတာကြောင့် ၁၄ ပြည်နယ် ပြည်ထောင်စုကိုလက်မခံဘူး” ဟု ဆိုသည်။

ထို့ကြောင့် မိမိတို့ပါတီအနေဖြင့် တန်းတူညီမှုရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် မရမချင်း ကြိုးပမ်းသွားမည် ဟုစိုင်းလိတ်ကပြောသည်။

“ကျနော်တို့ မကြာခင်မှာလည်း ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက်၊ သျှမ်းပြည်တွင်း အဖက်ဖက်ကပါဝင်နိုင်မယ့် ညီလာခံ တရပ်ကျင်းပဖို့ရှိတဲ့အတွက် ပြင်ဆင်တဲ့အနေနဲ့  ပြီးခဲ့တဲ့အပတ်ထဲက နိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့၊မီဒီယာ၊ လူမှုရေးအသင်း အဖွဲ့၊ အမျိုးသမီးအဖွဲ့တွေပါတဲ့ ညစာစားပွဲကျင်းပခဲ့တယ်။ ငြိမ်းချမ်းရေးစကားပြောဖို့ တူညီတဲ့ယုံကြည်မှုတွေကို ဖော်ထုတ်တယ်။ ဘုံရည်မှန်းချက်တွေ ထုတ်တယ်။ အဓိကကတော့ ယုံကြည်မှုရရှိအောင် တည်ဆောက်ကြဖို့ပေါ့” ဟုစိုင်းလိတ်ကပြောသည်။
Statement

ထုတ်ပြန်ကြေငြာချက်
Statement
ထို့အတွက်ကြောင့် တန်းတူရေးအတွက် မျှော်လင့်ကာ သျှမ်းပြည်သားများအားလုံး ပြည်ထောင်စုမြန်မာနိုင်ငံသားများအားလုံး လက်တွဲကာ ကြိုးစားကြရန်တိုက်တွန်းလိုကြောင်း မိမိတို့ပါတီအနေဖြင့်လည်း တခြားသော မည်သည့်အဖွဲ့အစည်း ပါတီ တို့နှင့်မဆို တူညီသောမူဝါဒ၌ လက်တွဲသွားမည်ဖြစ်ကြောင်း SNLD  ၂၄ နှစ်ပြည့်မွေးနေ့၌ စိုင်းလိတ်ကသျှမ်းသံတော်ဆင့်အား ပြောပြသည်။

သို့သော် ထူးခြားချက်တခုမှာ လားရှိုးမြို့၌ကျင်းပသော ပါတီမွေးနေ့အခမ်းအနားသို့ ကျားဖြူပါတီမှ တက်ရောက်ခြင်းမရှိသော ကြောင့် စိတ်မကောင်းဖြစ်မိကြောင်း အခမ်းအနားဖြစ်မြောက်ရေး အကူအညီပေးနေသည့် လူငယ်တဦးဖြစ်သူ စိုင်းလူက ပြောသည်။

ရုံးချုပ်၌ ကျင်းပခဲ့သော အစီအစဉ်နှင့်ပတ်သက်၍ ပါတီပြောခွင့်ရ စိုင်းလိတ်က- “ ရုံးချုပ်မှာက ထူးထူးခြားခြားဆိုလို့ ကြေငြာချက် ထုတ်တယ်။  နိုင်ငံရေးပါတီတော်တော်များများတက်တယ်။ ယူအဲန်အေဆိုရင် ပါတီ ၆ ခုလုံးလာတယ်။ ရခိုင်တိုင်းရင်းသားတိုး တက်ရေးပါတီရယ်၊ ဦးခင်မောင်ဆွေတို့ NDF  ရယ် ၊အမျိုးသားဒီမိုကရေစီပါတီသစ်၊  သျှမ်းပြည်မျိုးဆက်သစ်အဖွဲ့၊ လက်နက်ကိုင် အဖွဲ့ အစည်းဆိုရင်  SSPP/SSA  လာတယ်။ သျှမ်းစာပေယဉ်ကျေးမှုအသင်းတို့ တောင်ကြီးအသင်း၊ ကမ္ဘောဇဓမ္မဗိမာန်ထိန်းသိမ်း စောင့်ရှောက်ရေး စတဲ့ လူမှုရေးအသင်းအဖွဲ့တော်တော်များများလဲလာတယ်။ အခမ်းအနားကြီးတော့ မလုပ်ပါဘူး။ ကြေငြာချက် ဝေတယ် လက်ဆုံထမင်း စားတယ်၊ ပါတီကို အလှူငွေပေးအပ် တဲ့အစီအစဉ်ရှိတယ်။ ဒီလောက်ပါဘဲ။ ကြေငြာချက်နဲ့ ပတ်သက်ပြီး လူတွေတော်တော်များများ စိတ်ဝင်တစားမေးတာက-   ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ပတ်သက်တဲ့ SNLD ရဲ့သဘောထား၊  အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဟာ စစ်မှန်ပါရဲ့လား၊ ဘယ်လောက်ထိရောက်အောင်မြင်လဲ- ဆိုတဲ့အချက်နဲ့ ၁၄ ပြည်နယ် ကိစ္စပေါ့” ဟု ပြောပါသည်။

SNLD  သည် ယခုနှစ်ဆန်းပိုင်း ခေါင်းဆောင်ခွန်ထွန်းဦး ထောင်မှ လွတ်မြောက်လာသည့်နောက်ပိုင်း ပါတီမှတ်ပုံပြန်တင်ကာ ဂျွန်လ ၁၂ ရက်နေ့က မှတ်ပုံတင်ကျခဲ့သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပါတီဝင်လူဦးရေ ပြည့်ကြောင်း နေပြည်တော်ရွေး ကောက်ပွဲ ကော်မရှင် ထံ စာရင်းတင်ပြခဲ့သည်။