သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွက် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ကျပ်သိန်း (၁၀၀) ထောက်ပံ့ပေး ခဲ့ကြောင်း သျှမ်းသံတော်ဆင့် ကစုံစမ်း သိရှိရသည်။
“လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက ဘဏ်ကနေကျပ်သိန်း (၁၀၀) လွှဲပေးလာတယ်၊ ဒီငွေကို သျှမ်းစာပေ ယဉ်ကျေးမှုရုံးတိုးချဲ့ဆောက်လုပ်ဖို့ အတွက် မနေ့ကအစည်းအဝေး ထိုင်ပြီး စိုင်းမောက်ခမ်းကိုပြန်တင်ပြ လိုက်ပြီ” - ဟု နမ့်ခမ်းမြို့နယ် သျှမ်းစာပေယဉ်ကျေးမှုတာဝန်ရှိသူ တစ်ဦးကပြောပြသည်။
တောင်ကြီးမြို့ ဆို၊ က၊ ရေး၊ တီး ခရိုင်အဆင့် ပြိုင်ပွဲ၌ ပထမဆုရရှိသော ဂုဏ်ပြု ဆုကို နမ့်ခမ်းသျှမ်းစာပေ/ယဉ် အက အဖွဲ့ ရုံးဆောက်လုပ်ရေးအတွက် အသုံးပြုသွား မည် ဖြစ်ကြောင်းနှင့် ယခုလဘက်ခံ ရရှိသည့် ငွေကျပ် သိန်း(၁၀၀) မှာ ဒုသမ္မတ စိုင်းမောက်ခမ်း၏ ကိုယ်ပိုင်ငွေများဖြစ်ကြောင်း နမ့်ခမ်း သျှမ်းစာ /ယဉ် အဖွဲ့ကဆိုသည်။
နမ့်ခမ်းမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီရုံးအား ၂၀၀၄ ခုနှစ် က စတင်ဆောက်လုပ်ခဲ့ရာ မြေညီထပ် အဆင့် သာပြီးစီးခဲ့ပြီး၊ ဒေါက်တာစိုင်းမောက်ခမ်း ထောက်ပံ့လာသော ငွေများဖြင့် ဒုတိယထပ်ကို တိုးချဲ့ဆောက် လုပ်မည် ဖြစ်သည်ဟုလည်း ပြောသည်။
“နောက်တစ်ထပ်ဆောက်လုပ်ဖို့က သိန်း(၁၀၀) ကျပ်နဲ့ မလုံလောက်သေးဘူး၊ ထပ်လိုအပ်မယ့်ငွေကြေးကို ဒေသခံတွေဆီကနေ အကူအညီ တောင်းဖို့စီစဉ်နေပါတယ်” - ဟု နမ့်ခမ်းမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှု တာ ၀န်ခံက ပြောသည်။
ဒေါက်တာစိုင်းမောက်ခမ်းသည် ဒုသမ္မတ မဖြစ်မီ ၂၀၀၃ ခုနှစ်ကတည်းက နမ့်ခမ်းမြို့နယ် သျှမ်းစာပေ နှင့် ယဉ်ကျေးမှု အဖွဲ့၏ အသင်းဆိုင်ရာလှုပ်ရှားမှုအားသဘောကျ နှစ်သက် သည်ဟု ပြောခဲ့ဖူးကြောင်းလည်း နီးစပ် သည့်အသိုင်း အဝိုင်းကဆိုသည်။
သျှမ်းအမျိုးသားဖြစ်သော ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ကာလက ဗဟိုသျှမ်းစာပေနှင့်ယဉ် ကျေးမှုကော်မတီ ဥက္ကဌ တာဝန် ကိုထမ်းဆောင်ခဲ့ ဖူးသူဖြစ်ပြီး လားရှိုး “ယူလီခဆေးရုံ” အထူးကုဆေးခန်းပိုင်ရှင်လည်း ဖြစ်ပါသည်။